ရန်ကုန် နိုဝင်ဘာ ၂၃
“ကလေးတိုင်းဘဝလှပရေး၊ ပိုမိုကောင်းမွန်သောအနာဂတ်ဖန်တီးပေး” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားအား ယနေ့ နံနက် ၉ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ သင်တန်းကျောင်း(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းသိန်းက အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံသည်ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ် ဩဂုတ် ၁၅ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် စာချုပ်တွင် ပါဝင်သည့် ကလေးသူငယ်များ အတွက် အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေရေးမူ၊ ခွဲခြားဆက်ဆံမှုမရှိစေရေးမူ၊ အသက်ရှင်သန်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရေးမူနှင့် ကလေးသူငယ်များ၏ ထင်မြင်ယူဆချက်ကို အလေးထားရေးမူ စသည့်အခြေခံမူ (၄)ရပ်ကို အခြေခံပြီး ကလေးသူငယ်များအတွက် အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့်ပါဝင်ဆောင်ရွက်ခွင့် စသည့်အခွင့် အရေး (၄)ရပ်အခြေခံပြီး ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ပြောကြားသည်။
ထို့နောက် အခမ်းအနားတွင် တက်ရောက်လာကြသည့် ကလေးငယ်များမှတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


