ရန်ကုန်တိုင်းအတွင်းမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိလာတဲ့အတွက် လာမယ့်ရက်သတ္တပတ် သုံးပတ်လောက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်မယ့် အခြေအနေတစ်ခုကို ရလာမယ်လို့ ယုံကြည်ပါတယ်။
(ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း)
(စုစည်းတင်ပြ-မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြလိုက်ပါသည်-
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်နေမှုအခြေအနေ တိုးမြင့်လာတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ တစ်နေ့တစ်နေ့မှာ ၂၀၀ ကျော်လောက်အထိ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတဲ့ အတည်ပြုလူနာတွေ၊ ကူးစက်မှုနဲ့ ဆက်နွယ်နေတဲ့သူတွေကို Quarantine စင်တာ တွေမှာထားရှိနိုင်ဖို့ ကိစ္စရပ်တွေကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေကို တည်ငြိမ်အေးချမ်းစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒီအခြေ အနေကို တည်ငြိမ်စေဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဌာနများအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့တိုင်းရဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေ တည်ငြိမ်ဖို့ ကိုယ့်စွမ်းဥာဏ်စွမ်း ရှိသရွှေ့ ကြိုးပမ်းအားထုတ် နေတယ်ဆိုတာကို ပြောကြားလိုပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတွေရဲ့ ညွှန်ကြားချက်တွေကို တိုင်းဒေသကြီးအတွင်းမှာ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကြပ်မတ်ဆောင်ရွက်နေပါတယ်။ ဒီကြပ်မတ် ဆောင်ရွက်မှုတွေအားလုံးဟာ ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့ ကုသပေးနိုင်ဖို့ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုပဲဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုအပေါ်မှာ ပူးပေါင်းကူညီ ဆောင်ရွက်ကြတဲ့ သူတွေအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုမှာ ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ အလွန်အင်မတန် အရေးကြီးပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိလာတဲ့အတွက် လာမယ့်ရက်သတ္တပတ် သုံးပတ်လောက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်မယ့် အခြေအနေတစ်ခုကို ရလာမယ်လို့ ယုံကြည်ပါတယ်။ ဒီအခြေအနေ အတွက်လည်း ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါလို့ တိုက်တွန်းလိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဘက်က ညွှန်ကြားချက်ဖြစ်တဲ့ Stay at Home အစီအစဉ်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်စေချင်ပါတယ်။ အပြင်ကို မလိုလားအပ်ပဲ ထွက်တာမျိုး မပြုလုပ်ကြဖို့နဲ့ လက်ဆေးဖို့၊ အကာကွယ်တွေ တပ်ဆင်ဖို့၊ Mask တွေတပ်ထားကြဖို့၊ ဒီအစီအစဉ်တွေကို ပြည်သူတစ်ဦးချင်းစီက လိုက်နာဆောင်ရွက် သွားကြမယ်ဆိုရင် ရန်ကုန်တိုင်းအတွင်းမှာ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့ အခြေအနေတစ်ခု ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် အခုရှိနေတဲ့ ကုသရေးစင်တာတွေဟာ မလုံလောက်တော့ဘူးလို့ ပြောကြားနေတဲ့ သတင်းတွေကိုလည်း ကြားနေရပါတယ်။ ကုသရေးစင်တာတွေနဲ့ ပတ်သက်ပြီးတော့ ဝေဘာဂီမှာ ဆောင်ရွက်နေတာရှိပါတယ်။ တောင်ဥက္ကလာပမှာ ဆောင်ရွက်နေတာရှိပါတယ်။ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာမှာ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီကုသရေးစင်တာတွေမှာ ထားရှိနိုင်မယ့် အခြေအနေထပ်မံရှိပါသေးတယ်။ ဖောင်ကြီးမှာရှိတဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာဟာ လက်ရှိအခြေအနေမှာ တက်ရောက်နေတဲ့သူ ၈၄၃ ဦး ဖြစ်ပါတယ်။ ဖောင်ကြီး ကိုဗစ်-၁၉ စင်တာဟာ ၁၂၂၀ လက်ခံနိုင်တဲ့ ကုသရေးစင်တာဖြစ်ပါတယ်။ ထပ်မံလက်ခံနိုင်တဲ့ အခြေအနေရှိပါသေးတယ်။ ဝေဘာဂီဆေးရုံမှာ ၆၇ ဦး ကုသမှုခံယူနေပါတယ်။ တောင်ဥက္ကလာပဆေးရုံမှာ ၄၃ ဦး ရှိပါတယ်။ ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရိုးမရိပ်သာကိုလည်း ကုသရေးအတွက် အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက်မှာ Quarantine စင်တာ ဆောင်ရွက်နေပါတယ်။ တစ်ဖက်မှာလည်း ကုသရေးအတွက် ရိုးမရိပ်သာမှာဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။ ရိုးမရိပ်သာရဲ့ အခြေအနေကလည်း အများကြီးလက်ခံနိုင်တဲ့ အခြေအနေရှိပါတယ်။ လက်ရှိအချိန်မှာ ရိုးမရိပ်သာမှာ အတည်ပြုလူနာနဲ့စပ်ဆက်နေတဲ့ လူနာတွေကို Quarantine ထားတာ ၁၂၀၆ ဦးရှိပါတယ်။ ရိုးမရိပ်သာမှာပဲ Positive ဖြစ်တဲ့ အတည်ပြု လူနာ ၂၇၂ ဦးကိုလည်း ထားရှိထားပါတယ်။ ဒါ့အပြင် ထပ်မံလက်ခံနိုင်တဲ့ အဆောက်အဦ ၁၃ လုံး ရှိသေးတာ ဖြစ်တဲ့အတွက် လူဦးရေ ၁၇၅၆ ဦး ထပ်မံလက်ခံနိုင်တဲ့အခြေအနေ ရိုးမရိပ်သာမှာ ရှိပါတယ်။ လုံလောက်တဲ့အခြေအနေ ရှိပါတယ်။ ဒါ့အပြင် လှိုင် Quarantine စင်တာကိုလည်း Positive လူနာတွေကို ထပ်မံထားနိုင်ဖို့ ပြင်ဆင်နေပါတယ်။ လှိုင် Quarantine စင်တာက ဝင်ဆန့်နိုင်တဲ့ အခြေအနေက လူဦးရေ ၁၆၀၀ လောက်ရှိပါတယ်။ အခုလက်ခံထားတဲ့လူဦးရေ ၅၉၃ ဦးပဲရှိပါ သေးတယ်။ ထပ်မံပြီးတော့ ၁၀၆၇ ဦးလောက် လက်ခံနိုင်တဲ့အခြေအနေ ရှိနေပါတယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။
ဘာကြောင့်လည်းဆိုရင် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အစိုးရဘက်ကနေ ကိုယ့်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းကျန်းမာရေး ကုသရေးပိုင်းဆိုင်ရာနဲ့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေဖွဲ့စည်းပြီး နေ့စဉ်နဲ့အမျှ အစည်းအဝေးတွေပြုလုပ်ပြီး ဒီအခြေအနေကို ထိန်းနိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။ အခုအခြေအနေမှာတော့ တိုးတက်တဲ့ ဖြစ်စဉ်တွေ ရရှိနေပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ စိတ်အေးအေးထားပြီးတော့ သတိရှိရှိနဲ့ နေထိုင်ကြဖို့ လိုပါတယ်။ အစိုးရိမ်မလွန်ကဲဖို့ ပြောကြားလိုပါတယ်။ ဖြစ်နေတဲ့ အခြေအနေကို ပြည်သူတစ်ရပ်လုံးက ကျန်းမာရေးအသိနဲ့ ပူးပေါင်းပါဝင် ကူညီကြမယ်ဆိုရင် ဒီအခြေအနေတွေ အားလုံးကို ကျော်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်။ လက်ရှိတိုင်းအတွင်းမှာ Quarantine အနေနဲ့ ၃၁ ခုရှိပါတယ်။ လက်ရှိမှာ ထားရှိနိုင်တဲ့ အရေအတွက်ထက် ပိုတဲ့အခန်းအရေအတွက်တွေ ထားနိုင်တဲ့အနေအထားရှိနေသေးတယ်။
ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး
ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ပေါင်းစပ်ညှိနှိုင်းအဖွဲ့က ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒီအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်ပွားလာတဲ့အချိန်မှာ အချိန်နဲ့တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်း အနေအထားကို ကူညီဖို့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အသီးသီးက ဆရာဝန်၊ ဆရာမတွေလည်း ရောက်ရှိနေပါတယ်။ မန္တလေးတိုင်းက ၂၀၊ မကွေးတိုင်းက ၂၀၊ ကယားပြည်နယ်က ၂၀ နဲ့ ဧရာဝတီတိုင်းက ၂၀ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီမှာရှိနေတဲ့ ဆရာဝန်၊ ဆရာမများကို အင်အားဖြည့်ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ လွန်ခဲ့တဲ့အပတ်ကနဲ့စာရင် ဒီအပတ်မှာ Mask တွေတပ်လာတာတွေ့ရပါတယ်။ အသွားအလာ လျော့သွားတာတွေ့ရပါတယ်။ စည်းကမ်းလိုက်နာကြတယ်။ လူစုလူဝေးတွေမလုပ်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် ဝေးဝေးခွာခွာ နေကြတယ်။ ဝိုင်းဖွဲ့ပြီး စကားပြောတာ စားတာသောက်တာ မတွေ့ရဘူး။ ဒီလိုမျိုး ၂ ပတ် ၃ ပတ်လောက်သာ တိတိကျကျနေလိုက်ရင် ရန်ကုန်ကို ထိန်းချိုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုနေထိုင် ဆောင်ရွက်ခြင်းက တစ်ယောက်ချင်း တစ်ဦးချင်းဆီက လူတွေရဲ့ အသက်ကို ကယ်နေခြင်းပဲဖြစ်ပါတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းစီ အခုလိုမျိုး လိုက်နာဆောင်ရွက်နေခြင်းဟာ ဆေးကုသနေခြင်းနဲ့ တူပါတယ်။ လူနာနဲ့ဆရာဝန် အင်အားမမျှ ဘူးဆိုတာမဟုတ်ပါဘူး။ ကျန်တဲ့ရောဂါတွေကုသဖို့ ဆေးရုံကိုလာရောက်မှု နည်းသွားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပါဝင်ကူညီတဲ့အတွက် အင်အားအပြည့် ရှိပါတယ်။ လူနာနဲ့ဆရာဝန် အင်အားမျှတပါတယ်။ ဖောင်ကြီးမှာရော ဝေဘာဂီမှာရော တောင်ဥက္ကလာပမှာရော အင်အားအပြည့်ရှိပါတယ်။ ကုသမှုအပိုင်းမှာ ဆုံးဖြတ်ချက်တွေ မှန်အောင် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
ဒီရောဂါက ကျန်းမာတဲ့ ငယ်ရွယ်သူတွေ အပိုအင်အားရှိတဲ့သူတွေကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် အပိုအင်အားမရှိတဲ့ ကိုယ်ရဲ့ကိုယ်ခံအား အခြေအနေနဲ့ အတိအကျသွားနေတဲ့သူတွေကို ထပ်မံတိုက်ခိုက် လာနိုင်ပါတယ်။ အဲဒီလိုမျိုး အပိုဆောင်းမရှိတဲ့သူတွေကို ကာကွယ်ဖို့လိုပါတယ်။ ဒီလိုကာကွယ်နိုင်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ကိုယ်ခံအားနည်းနေတဲ့သူတွေ ရောဂါအခံရှိနေတဲ့သူတွေ ဒုက္ခမရောက်ရဖို့ အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါတယ်။
သတင်းစဉ်


