ရန်ကုန် ၆ နိုဝင်ဘာ
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများ စားသောက်ရေး အခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ လေးမယ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါး ပပျောက်ရေးအထိမ်းအမှတ် ပြတိုက်ရှိ အုပ်ချုပ်မှု အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် က ရဲမှုထမ်းဟောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ လေးမယ် ထောက်ပံ့ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ရဲမှုထမ်းဟောင်း ၂၃၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် လေးမယ် ထောက်ပံ့ပေးအပ်ရာ ရဲမှုထမ်းဟောင်းများကိုယ်စား ရဲတပ်ကြပ်ကြီး သက်မှူး (အငြိမ်းစား) မှ လက်ခံရယူခဲ့သည်။
ထို့နောက် ရဲမှုထမ်းဟောင်းများကိုယ်စား ရဲအရာခံ သန်းထွန်း (အငြိမ်းစား) က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် ယနေ့ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ရဲမှုထမ်းဟောင်းများသို့ ရိက္ခာ လေးမယ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား၌ ရဲမှုထမ်းဟောင်းတစ်ဦးလျှင် ၁၄ ရက်စာ စားသုံးနိုင်ရန်အတွက် ဆန်သုံးပြည် ခုနစ်ဘူး၊ ဆီ ၂၈ ကျပ်သား၊ ဆား ၂၄ ကျပ်သား၊ ပဲ ၄၂ ကျပ်သား အမယ် လေးမယ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN


