ရန်ကုန် စက်တင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၂ခုနှစ် (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊အတီး ပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် အသီးသီးမှ ပေါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်များ၊  မျိုးဆက်သစ်ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

 

 

အခမ်းအနားတွင် ဆိုင်အဖွဲ့လိုက်(အမျိုးသမီး) မသဲဆုလှိုင်နှင့်အဖွဲ့၊ ဒိုးပတ်အဖွဲ့လိုက် (အမျိုးသား) မောင်စစ် ဇေယျာထွန်းနှင့် အဖွဲ့တို့ဖျော်ဖြေတင်ဆက်မှုနှင့်၊ ငြိမ့်ညောင်းသံသာ တေးအလင်္ကာသံစုံတီးဝိုင်း အဖွဲ့၏ သရုပ်ပြ ဖျော်ဖြေတင်ဆက်မှုတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်သည်ပရိတ်သတ်များက ကြည့်ရှု အားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ဘာသာရပ်အလိုက် ဂုဏ်ပြုလက်မှတ်ရရှိသူများအား ရန်ကုန်မြို့ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြသည်။

 

နံနက်ပိုင်းတွင် ဦးစွာပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်အဖွဲ့သည် အတီးပြိုင်ပွဲ သတ်မှတ်နေရာဖြစ်သည့် သရဖီဆောင် အနုပညာခန်းမနှင့် သဇင်ဆောင်တို့တွင့် နေရာယူကြပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုကာ အကဲဖြတ်အမှတ် များပေးကြသည်။

 

ထို့နောက် ပြိုင်ပွဲဝင် မျိုးဆက်သစ်လူငယ်များက အဆင့်မြင့်ပညာအဆင့် အတီးဘာသာရပ်တွင် ပါဝင်သည့် ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ နှဲ၊ အိုးစည်၊ ဒိုးပတ်၊ အဆင့်မြင့်ပညာအဆင့် အဆိုဘာသာရပ်တွင်ပါဝင်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ဖြင့် ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)