ရန်ကုန် ၊ စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင် ပွဲဝင်ဘာသာရပ်(၂၅)မျိုး၌ ပြိုင်ပွဲဝင်အရေအတွက် (၇၃၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၁၁)ဆု၊ ငွေတံဆိပ်(၆၉)ဆု၊ ကြေးတံဆိပ် (၅၉) ဆုတို့ဖြင့် စုစုပေါင်းဆုအရေအတွက် (၂၃၉)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းတည့်၁၂နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သဘင် ဆောင်ခန်းမ၌  ကိုဗစ်-၁၉ရောဂါ သတ်မှတ်စည်းကမ်းနှင့်အညီ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦး စီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တပ်မတော်အရာရှိကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသဘင်/ဂီ တအစည်းအရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ် ဝါသနာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲဆိုသော်လည်း ပြိုင်ပွဲဝင်လူငယ်မောင်မယ်များ၏ မလျော့သော ဇွဲ၊ စွဲမြဲ သော ဝါသနာဖြင့် အနုပညာစွမ်းရည်ပြောင်မြောက်စွာ ရည်မှန်းချက်ပန်းတိုင် ရောက် အောင်ကြိုးစား ယှဉ်ပြိုင်မှုကြောင့် အနုပညာအရည်အသွေးများသည် နိုင်ငံတော်အဆင့် တက်လှမ်းရန် အားရကျေနပ်ဖွယ် တွေ့မြင်ခဲ့ရကြောင်း၊ ပြိုင်ပွဲဝင်လူငယ်မောင်မယ်များအနေဖြင့် မိမိတို့တတ်စွမ်း သောအနုပညာဖြင့် ဖျော်ဖြေရေး၊ အသိ ပညာပေးရေး လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်၍ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို  ထိန်းသိမ်းရေး၊ မြှင့်တင်ရေး၊ ထွန်းကားပြန့်ပွားရေးအသွင်မှ အတွေးသစ်၊ အမြင်သစ်၊ နည်းပညာသစ်၊ ပုံစံသစ်များသို့ ဆက် လက်တီထွင်ဆောင်ရွက်၍ နိုင်ငံတော်၏အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်းစောင့်ရှောက်လျက် ဆက်လက်ကြိုးစားသွား ကြရန် ပြောကြားသည်။

       

ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ကျေးဇူးတင်စကားပြောကြားသည်။

 

ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တို့၏ ယှဉ်ပြိုင်ခဲ့မှု Video Clip ကိုပြသပြီး ပြိုင်ပွဲ ဂုဏ်ပြုတေးဖြစ်သော “သက်ဝင် လှုပ်ရှားကြယ်ပွင့် လေးများ” တေးသီချင်းဖြင့် ဖျော်ဖြေတင် ဆက်သည်။

 

ဆက်လက်၍ ပြိုင်ပွဲများတွင် ဘာသာရပ်အလိုက် ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းမှုးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တပ်မတော်အရာရှိ ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ တာဝန်ရှိပုဂ္ဂိုလ် များက  ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(သတင်းစဉ်)