ဘားအံ ၃၀ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန (ဒဂုံတောင်ပိုင်း)တွင် သွားရောက်တာဝန်ထမ်းဆောင်ရန် အတွက် ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ တို့သည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြသည်။
သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအား ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့ဆေးရုံ အုပ်ကြီးဒေါက်တာဘရန်အောင်နှင့်တာဝန်ရှိသူများက ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင် တွင် ဂုဏ်ပြုတွေ့ဆုံခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီးက ကရင်ပြည်နယ်ကို ကိုယ်စားပြုပြီး သွားရောက်တာဝန် ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအနေဖြင့် လိုအပ်ချက်များရှိလာပါက ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်စေလိုကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပြည့်ပြည့်ဝဝစီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရတစ်ဖွဲ့လုံးကလည်း စေတနာ့ ဝန်ထမ်းအဖြစ တာဝန်ထမ်းဆောင်ကြမည့် သူနာပြုများကို လိုက်လိုက်လှဲလှဲဂုဏ်ယူနေကြပါကြောင်း၊ နောက်ဆံမတင်းဘဲ ကိုယ့်ကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြစေလို ကြောင်း မှာကြားခဲ့ကာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်သူနာပြု/သားဖွား အသင်း၊ ကရင်ပြည်နယ် ကုသရေးဦးစီးဌာနတို့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
“သူတို့အနေနဲ့ အခြေအနေပေါ်မူတည်ပြီးတော့ အနည်းဆုံး ၂ ပတ်လောက်ကနေ လိုအပ်ရင် တစ်လလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခြေအနေရဲ့အပေါ် လူရဲ့ပင်ပန်းမှုအပေါ်မူတည်ပြီးတော့ စီစဉ်ရမှာဖြစ်တဲ့အတွက် တာဝန်တွေ ချိန်းသွားရမှာဖြစ်ပါတယ်။ အဓိကတော့ ဒီဆရာ၊ ဆရာမတွေက ကုသရေးကိစ္စရပ်တွေမှာ Positive လူနာတော်တော်များများရဲ့ ကုသမှုတာဝန်တွေကို အနီးကပ်တာဝန်ယူပြီး လုပ်ရမယ့်သူတွေဖြစ်ပါတယ်။ အရေးကြီးတာ လူနာပဲ ဆိုတာကြီးက သူတို့ခေါင်းထဲအမြဲရှိနေတယ်။ လူနာတစ်ခုခုဖြစ်ရင် ကောင်းအောင် အမြန်လုပ်မယ်ဆိုတဲ့စိတ်ပဲရှိနေတဲ့အခါကျတော့ သူများကို ကူမယ့်ကယ်မယ့်သူတွေဟာ ကိုယ့်ကိုယ်ကိုယ်ကူဖို့ ကယ်ဖို့စနစ်နဲ့ နေဖို့ မေ့နေတက်ကြတယ်။ သတိနဲ့နေဖို့ ၊ သတိမလွတ်ဖို့ ကျွန်တော်တို့အမြဲမှာကြားထားပါ တယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ပြောသည်။
ယခုကဲ့သို့ ကရင်ပြည်နယ်မှ သွားရောက်တာဝန်ထမ်းဆောင်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)သို့ သူနာပြုဆရာ/ဆရာမ(၂၀) တာဝန်ထမ်းဆောင်ရန် သွားရောက်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)