ရန်ကုန် ၂  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကြား ဆက်သွယ်ရေးပိုမို ကောင်းမွန်စေရန် Huawei Myanmar က ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ထံသို့ မြန်မာကျပ်ငွေ ၁၁,၉၀၀,၀၀၀ တန်ဖိုးရှိ Huawei Y5P အမျိုးအစား ဖုန်းအလုံးရေ ၁၀၀ ကို အောက်တိုဘာ နောက်ဆုံးပတ်က ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်

 

Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Ding Zhaoyi ကမိုဘိုင်းဖုန်း အလုံး ၁၀၀ ကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက လက်ခံပြီး ရန်ကုန်တိုင်း ဒေါက်တာဇော်ဝေစိုးက “ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ဆက်သွယ်ရေး ကဏ္ဍဟာ အချက်အလက်မှတ်တမ်းတင်တဲ့ အပိုင်းနဲ့ပတ်သက်ပြီး အထောက်အကူဖြစ်စေပါတယ်။ ရောဂါကူးစက် ခံစားနေရတဲ့လူနာတွေ၊ စစ်ဆေးပြီးရောဂါ မတွေ့တဲ့လူနာတွေနဲ့ ပျောက်ကင်းသက်သာသွားတဲ့ လူနာတွေကြား အခြေအနေကို အချင်းချင်း သိစေရုံသာမက နေ့စဉ်သတင်း အချက်အလက်တွေကို မိုဘိုင်းဖုန်းကတစ်ဆင့် ပိုမိုလုပ်ဆောင်နိုင်ပါတယ် ဟု ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေး၌ အလှူရှင်တို့၏ စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းမှုသည် ယခုအချိန်တွင် အထူးအရေးပါလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင်လည်း ဆက်သွယ်ရေး ကဏ္ဍမှာ အရေးပါလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာမှ ဆေးရုံ၊ ကွာရန်တင်းစင်တာနှင့် ကွာရန်တင်းစင် လုပ်ငန်းများ ဆက်သွယ်ရေးလမ်းကြောင်း တစ်လျှောက် လုပ်ငန်းလွယ်ကူမြန်ဆန်မှုသည် ICT ဖွံ့ဖြိုးမှု ဖြစ်သော ဆက်သွယ်ရေး ကဏ္ဍဖြစ်ရာ ဟာဝေးမြန်မာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ AI ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗွီဒီယိုဆွေးနွေးပွဲ စနစ်နှင့် စမတ်ဖုန်းများ၊ N95 Mask၊ လက်သန့် ဆေးရည်နှင့် အလွှာသုံးလွှာ နှာခေါင်းစီးတို့ကိုလည်း လှူဒါန်းခဲ့ပြီး ယခုအခါ Huawei Y5P အမျိုးအစား ဖုန်းအလုံး ၁၀၀ ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး