ရန်ကုန်   ၁၇   စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသတုံ့ပြန်ရေး ကဏ္ဍအားလုံး၌ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် နေ့စဉ် ၂၄ နာရီကာလပတ်လုံး ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးပိုင်းတွင် အဓိက ဆောင်ရွက်ပေးလျက်ရှိသော ဆရာဝန်၊ ဆရာမများနှင့် သူနာပြုများ၊ လူမှုကူညီရေး အဖွဲ့အစည်းများအား သွားလာရေး အဆင်ပြေချောမွေ့စေရေးနေ့စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

နေ့စဉ် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရာဒေသမှ တာဝန်ကျရာဆေးရုံများသို့ သွားရောက် နိုင်ရေးအတွက် YRTA ယာဉ်အစီးရေ ၃၀ ခန့်ဖြင့် အကြိုအပို့ဆောင်ရွက်ပေးလျက်ရှိပြီး လူမှုကူညီရေး အသင်းအဖွဲ့ဝင်များအား စုရပ်နှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများသို့ အသွားအပြန် အတွက် YRTA ယာဉ်အစီးရေ ၁၅ စီးခန့်ဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့အနေနဲ့ ယာဉ်တွေရဲ့တာဝန်ထမ်းဆောင်ရမယ့် အခြေအနေတွေအပေါ်မူတည်ပြီးတော့ ယာဉ် အစီးရေ အနည်းအများကို ဆောင်ရွက်ပေးပါတယ်။ ဒီယာဉ်တွေနဲ့ ကြိုပို့လုပ်ငန်းကို ဆောင်ရွက် ပေးတဲ့အပြင် တစ်ခြားပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးနေရတာတွေလည်း ရှိပါတယ်” YRTA အဖွဲ့ဝင် မန်နေးဂျင်း ဒါရိုက်တာ ဉီးအောင်ညီညီမော်က ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပါဝင်ဆောင်ရွက်နေကြသော ယာဉ်နှင့်ယာဉ်မောင်းများကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ ယာဉ်ရပ်နားကွင်းအတွင်းထားရှိကာ နေ့စဉ်ယာဉ်အစီးရေ ၉၀ ခန့်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာသော နိုင်ငံသားများအား လေဆိပ်မှ သယ်ယူပို့ဆောင်ရာတွင်လည်း YRTA မှ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်