ရန်ကုန် ၂၇ ဇွန်
ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းက ကြီးမှူး၍ သတင်းသမားများ သတင်းရယူရာတွင် သတင်းစာပညာ၊ ကျင့်ဝတ်နှင့် ဥပဒေများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သတင်းစာပညာသင်တန်း (ကျင့်ဝတ်နှင့် ဥပဒေ) ၁/၂၀၁၉ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးသာဇော်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဂုဏ်ထူးဆောင်နာယက ဒါရိုက်တာမောင်ယဉ်ကျော်နှင့် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟန်းမြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းအတွက် ထောက်ပံ့ငွေ ၅၆၀ဝ၀ဝ ကျပ်နှင့် မြို့နယ်သတင်းစာဆရာ အသင်းများက အလှူငွေများ ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌက လက်ခံရယူသည်။
ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းက ပထမအကြိမ် ဖွင့်လှစ်ပို့ချသည့် သတင်းစာပညာ၊ ကျင့်ဝတ်နှင့် ဥပဒေသင်တန်း ၁/၂၀၁၉ သို့ သာကေတ၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ တွံတေး၊ ဒဂုံ(တောင်)၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့မှ သတင်းထောက် ၃၆ ဦး တက်ရောက်ကြပြီး မြို့နယ်များတွင် အလားတူသင်တန်းများကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ထုတ်ပြန်ထားသည့် စည်းကမ်းနှင့် ကျင့်ဝတ်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာ ကျင့်ဝတ်၊ ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် သတင်းသမားများဆိုင်ရာ ဥပဒေများ၊ ဆောင်ရန်၊ ရှောင်ရန်သိမှတ်ဖွယ်ရာများကို သတင်းစာပညာရှင်များနှင့် ဝါရင့်ဥပဒေပညာရှင်များက နှစ်ရက်ကြာ ပို့ချသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို ၂၀၁၂ ခုနှစ် သြဂုတ် ၁၁ ရက်က ဖွဲ့စည်းခဲ့ပြီး သတင်းစာပညာသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


