ရန်ကုန် ၁၅ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မီဒီယာတွေ့ဆုံပွဲကို စက်တင်ဘာ ၁၆ ရက်တွင် Zoom Application ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သီတင်းနှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပိုမိုများပြားလာပြီးနောက်ပိုင်းတွင် YRTA ၏ ဆောင်ရွက်ချက်များကို ရုပ်သံရိုက်ကူးကာ သတင်းမီဒီယာသမားများထံ ဖြန့်ဝေပေးခဲ့သည်။
ယခုအခါ YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၁၂/၂၀၂၀)ကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ Zoom Application ပြုလုပ်မည့်ဖြစ်ပြီး YRTA မှ ပေးပို့သော Zoom Link မှတစ်ဆင့် မိမိတို့၏ မိုဘိုင်းဖုန်း၊ ကွန်ပျူတာအသုံးပြု၍ ဝင်ရောက်နိုင်ကြောင်း သိရသည်။ ထိုသို့ Zoom Application အသုံးပြုရာတွင် အဆင်ပြေမှုရှိမရှိကို သိရှိနိုင်ရန် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မီဒီယာသမားများနှင့် YRTA PR Team တို့ စမ်းသပ်အသုံးပြုခဲ့ကြောင်း သိရသည်။
နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားနေခြင်း၊ အများပြည်သူ ကျန်းမာရေးအတွက် အသွားအလာများ ကန့်သတ်ထားခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုမရှိပါက ဖုန်းကိုင်ဖြေဆိုမှု မရှိခြင်းတို့ကြောင့် သတင်းသမားအများစုအနေဖြင့် သတင်းအချက်အလက်များ ရယူနိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


