ရန်ကုန် ဇူလိုင် ၁၆
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၁၉ နှစ်နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်း၏ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအား ဩဝါဒပေးခြင်းနှင့် အောင်နိုင်ရေး အလံအပ်နှင်းခြင်းကို ဇူလိုင် ၁၅ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သြဝါဒအမှာစကား ပြောကြားပြီး
ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ဘောလုံးအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းကို လည်းကောင်း၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီက ငွေကျပ် ငါးသိန်းနှင့် အားကစားဝတ်စုံ ၂၅ စုံကို လည်း ကောင်း ထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် ဘောလုံးအားကစားအဖွဲ့ အုပ်ချုပ်သူနှင့် U-၁၉ နည်းပြချုပ်တို့က ပြိုင်ပွဲတွင် အနိုင်ရရှိရေး ဘောလုံးသမားများအား ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရှိမှုများနှင့် ပြိုင်ပွဲတွင် တွေ့ကြုံရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်တို့က ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ရာ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများက လက်ခံရယူ ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က ဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမား များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ မြန်မာ U-၁၆ ဘောလုံးအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး U-၁၉ ဘောလုံးအသင်းတို့၏ ဘောလုံးခြေစမ်းပွဲ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကာ ဒိုင်လူကြီးများနှင့် နှစ်ဖက်ကစားသမားများအာ တစ်ဦးချင်း လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၃ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)