ရန်ကုန် ဇူလိုင် ၁

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုကိုးကျွန်း အထကအခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများ၊ သိပ္ပံခန်း၊ စာကြည့်တိုက် နှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေသည်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် သာသနမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို လည်းကောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နဝကမ္မအလှူငွေများကိုလည်းကောင်း ဆက်ကပ် လှူဒါန်းကြသည်။

 

ယင်းနောက် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရပ်မိရပ်ဖများ၊ မြို့နယ်နေပြည်သူများနှင့် တွေ့ဆုံရာ ကိုကိုးကျွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောက ကိုကိုးကျွန်းမြို့နယ်၏ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများက မြို့နယ်အတွင်း လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကြက်ဥ၊ ကြက်သွန်နီ အစရှိသည့် မိုးဖိုချောင်သုံး ရိက္ခာများ၊ အသက်ကယ်အင်္ကျီ၊ မိုးကာ၊ ဗလာစာအုပ်နှင့် စာရေး ကိရိယာများ၊ အားကစားပစ္စည်းများ၊ သုတ/ရသ စာအုပ်များနှင့် ချီးမြှင့်ငွေများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုကိုးကျွန်းနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွင် ဆိုလာဖြင့် မြို့နယ်အတွင်း ဖြန့်ဝေနိုင်ရေး လုပ်ငန်းဆောင်ရွက် နေမှုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်အတွင်း သောက်သုံး ရေ ဖြန့်ဝေပေးနေသည့် ရေသန့်စက်ကိုလည်းကောင်း၊ ကိုကိုးကျွန်းရေလှောင် တာတမံ၏ ကြံ့ခိုင်မှု နှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်ပြည်သူဆေးရုံတွင် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော လူနာအား ချီးမြှင့်ငွေ ပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ချီးမြှင့်ငွေနှင့် ဆေးရုံအတွက် လိုအပ်သော ဆေးပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုကိုးကျွန်း မူလတန်း ကြိုကျောင်းတွင် ကလေးငယ်များ သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ် များစားသောက်ရေးအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)