ရန်ကုန် ၆ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက် ဗဟိုလမ်းနှင့် စက်ဆန်းလမ်းထောင့်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး ရုံးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရုံးသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ “ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မြို့နယ်အသီးသီးမှာ ဌာနဆိုင်ရာရုံးတွေ စနစ်တကျပေါ်ထွန်းဖို့အတွက် ကြိုးစားနေပါတယ်၊ အဓိက ဒီလိုကြိုးစားရတဲ့ ရည်ရွယ်ချက်က ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းတွေဟာ အရေးကြီးပါတယ်၊ လက်ရှိအချိန်မှာ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ စာရင်းကိစ္စရပ်တွေ၊ လူနေထိုင်မှုတွေ ဒီအခြေအနေတွေအားလုံးကို ကြည့်မယ်ဆိုရင် လူတွေမွေးဖွားလာတဲ့ အချိန်ကစပြီး သေဆုံးချိန်အထိ ဒီရုံးနဲ့ အဆက်အသွယ်မပြတ် အမြဲတမ်းချိတ်ဆက် ဆောင်ရွက်နေရတာဖြစ်ပါတယ်၊ ခုဖွင့်လှစ်လိုက်တဲ့ ဒီရုံးသစ်ကြီးဟာ မြို့နယ်မှာရှိတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ရုံးဖြစ်အောင် ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေအားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြပါလို့” တိုက်တွန်းပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ ၁ ထပ်ခွဲ ရုံးသစ်အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေကျပ်သန်း ၅၀ ဖြင့် အလျား ၃၃ ပေ၊ အနံ ၃၆ ပေ၊ RC အမျိုးအစားဖြင့် Gloden Sky 8 Construction Co;Ltd မှ မတ် ၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဩဂုတ် ၁၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်ချင်း ဆက်သွယ်ပေါင်းကူးတည်ဆောက်မည့် တွံတေးတူးမြောင်းကူးတံတား တည်ဆောက်မည့် စီမံကိန်းမြေနေအား သွားရောက်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မကြာမီတံတားတည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ− နိုင်လင်းကျော်(ဒလ)၊ ဝေယံ(ဆိပ်ကြီးခနောင်တို)