ရန်ကုန် ၆ မေ

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ ဆူးလေဘုရားလမ်းတွင် မေ ၆ ရက် နံနက် ၇ နာရီခွဲ၌ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ရက်သတ္တပတ် လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

2120

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ စက်မှု လက်မှု လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တာဝန်ရှိသူများက ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု လှုံ့ဆော်ရေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

 

20126

 

ထို့နောက် ဝန်ကြီးချုပ်က ယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု Slogan Sticker အား အငှားယာဉ်တစ်စီးတွင် စတင်ကပ်ပေးခဲ့ပြီး လူကူးမျဉ်းကျားမှ စည်းကမ်းရှိစွာ လမ်းဖြတ်ကူးလာသည့် ပြည်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

 

2203

 

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်ကို မေ ၆ ရက်မှ ၈ ရက်အထိ အဖွဲ့ ၈ ဖွဲ့ခွဲကာ ဆောင်ရွက်မှာဖြစ်ပြီး ဘတ်စ်ကားပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား ဂိတ်စမှဂိတ်ဆုံးထိ အသိပညာပေး ဟောပြောခြင်း၊ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသွားပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ YBS ဂိတ်စနှင့် ဂိတ်ဆုံးတွင် ယာဉ်မောင်းများကို အန္တရာယ်ကင်းစွာ မောင်းနှင်ရန် ဟောပြောခြင်း၊ မီးပွိုင့်များတွင် စည်းကမ်းလိုက်နာပြီး ရပ်နားခြင်း၊ စည်းကမ်းလိုက်နာသော ကားများကို ဆုပေးခြင်း၊ လူကူးမျဉ်းကျား အသုံးပြုသော ခရီးသွားပြည်သူများကို စည်းကမ်းလိုက်နာသည့်အတွက် ဆုချီးမြှင့်ခြင်း၊ သတ်မှတ်သည့် ယာဉ်ရပ်နားရန် နေရာများတွင် စနစ်တကျရပ်ထားသည့်ကားများကို ဆုချီးမြှင့်ခြင်း၊ မျဉ်းဝါအံကွက်တွင် သတ်မှတ်ချက်နဲ့အညီ ရပ်နားမောင်းနှင်သည့် ယာဉ်မောင်းများကို ဆုငွေပေးခြင်း၊ ဂုံးကျော်တံတား အသုံးပြုဖြတ်ကူးသော ပြည်သူများကို ဂုဏ်ပြုလက်ဆောင်များ ပေးခြင်းတို့ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အသိပညာပေးပြီးနောက်ပိုင်း မေ ၉ ရက်မှ ၁၂ ရက်အထိ အသက်ကယ် ထိုင်ခုံခါးပတ်မပတ်ခြင်း၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ ယာဉ်မောင်းလိုင်စင်မဲ့ မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ မေးသိုင်းကြိုးမတပ်ခြင်း၊ မော်တော်ဆိုင်ကယ် နှစ်ယောက်ထက်ပို၍ စီးနင်းခြင်း၊ မော်တော်ဆိုင်ကယ် ဘေးတွဲမောင်းနှင်းခြင်း စသည့်ပြစ်မှုများကို ကျူးလွန်ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူခြင်းမျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီထံမှ သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)