မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာ ဆန္ဒမဲပေး

ရန်ကုန် ဇန်နဝါရီ ၁၁

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာ လာရောက်ဆန္ဒမဲ ပေးကြသည်။

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံ ၁၁၇၁ ရုံ ဖွင့်လှစ်ကျင်းပခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပနေမှုများကို ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများက လွတ်လပ်စွာ သတင်းရယူလျက်ရှိပြီး ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များက မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေကို စောင့်ကြည့်လေ့လာကြသည်။

 

ယခုကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်စေရန် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine - MEVM)ကို စတင်အသုံးပြုပြီး တိုင်းဒေသကြီးအတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ မဲရုံမှူးများနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြို့နယ်တို့တွင် မဲရုံ ၁၃၁၃ ရုံ ဖွင့်လှစ်ကျင်းပခဲ့ပြီးဖြစ်သည်။

 

လာမည့် ဇန်နဝါရီ ၂၅ ရက် တွင်လည်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)နှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ ၁၃၀၀ ဖွင့်လှစ်ကာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးအတွက် မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ကာ နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်