နေပြည်တော် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီမြို့နယ်နှင့် တိုက်ကြီး မြို့နယ်တို့အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသည့် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း စံပြကျေးရွာရှိ ဦးတင်ဦး၏ ဝင်ငွေတိုးမြက် တံမြက်စည်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာသုံးရွာ၊ အိမ်ခြေ ၁၂၀၀၊ လူဦးရေ ၄၇၀၀ တို့ကို အကျိုးပြုပေးနိုင်မည့် မြောက်ချောကုန်း - ရွာသာယာကျေးရွာ ချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုက်ကြီးမြို့နယ်၊ သရက်ကုန်း ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မင်းရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ မင်းရွာစိုက်ပျိုးထုတ်လုပ်ရေး အထွေထွေ သမဝါယမအသင်း၌ ကျင်းပပြုလုပ်သော သမဝါယမ လယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လယ်ယာဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ Good Brother ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက ၎င်းတို့၏ ကုမ္ပဏီမှ ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာများနှင့် တင်သွင်း ရောင်းချမှု ပြင်ဆင်ထိန်းသိမ်းရေးဝန်ဆောင်မှု (Service) ပေးနေမှု အခြေအနေများ၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမအသင်းသား တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းအစုအဖွဲ့ အနေဖြင့်လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်း ချွေလှေ့စက်များ ဝယ်ယူနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် အသင်းသားတောင်သူများမှ သိရှိလိုသည်များ မေးမြန်းချက်များပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် လယ်ယာသုံး စက်ကိရိယာများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက တောင်သူများ ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာ ကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုယ်တွင် အသုံးပြုနိုင်ရေးလိုအပ်သော သင်တန်းများပေးရန်နှင့် After Sale Service ပေးရန် လိုအပ်ကြောင်း၊ အပိုပစ္စည်းများ အလွယ်တကူရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်