နေပြည်တော်၊ နိုဝင်ဘာ ၁၂
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံ- မှော်ဘီမြို့၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာ တိုက်နယ်ဆေးရုံနှင့် ပြည်သူ့ဆေးရုံ - တိုက်ကြီးမြို့တို့သို့ သွားရောက်ကာ ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးသိုလှောင်ခန်းများ၊ ဆေးရုံအဆောက်အဦ ပြင်ဆင်ထိန်းသိမ်းမှုများ၊ ဆေးရုံသုံး စက်ကိရိယာများ စနစ်တကျအသုံးပြုမှု၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆေးရုံအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းပေးခြင်း၊ ဆေးရုံလုပ်ငန်း တိုးတက်ဆောင်ရွက်နိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်