ရန်ကုန် ဇွန် ၄

 

ဗီယက်နမ်နိုင်ငံမှ အလှူရှင်များစုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ဆရာလေး (၁၁၁၁)ပါးတို့အား အလှူငွေနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယမန်‌နေ့ည‌နေပိုင်းက စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တသီလဂုဏနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင် ဆရာ‌လေးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်များ၌ နေထိုင်သော ဗီယက်နမ်အလှူရှင်များ တက်ရောက်ကြည်ညို ကြသည်။

 

ဦးစွာ ဒဂုံအရှေ့ပိုင်းမြို့နယ် တိပိဋကဂန္ဓဝင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်ကို ရိုသေစွာနာယူကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆရာတော်ကြီး(၄၅)ပါးနှင့် သီလရှင်ဆရာလေး (၁၁၁၁)ပါးတို့အတွက် အလှူတော်ငွေကျပ် ၁၂၀၀၀၀၀၀ဝ လှူဒါန်း၍ ဗီယက်နမ်အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလရမ္မာဝတီ ဆရာတော်ထံမှသာရဏီယ ဩဝါဒကထာ နာယူကြသည်။

 

ယင်းနောက် ဗီယက်နမ်ရဟန်းတော် ဘဒ္ဒန္တသမ္မာဒိဋ္ဌိက ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြီး ရက္ခိတစွမ်းအား ပရဟိတအဖွဲ့ဥက္ကဋ္ဌ အခမ်းအနားကျင်းပရေး အကျိုးတော်ဆောင် ဦးဝင်းမောင်မောင်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားသည်။

 

ဆက်လက်၍ ဆရာတော်ကြီးများက ဗီယက်နမ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တသီလဂုဏက ဝမ်းမြောက် ဩဝါဒ စကားမိန့်ကြားတော်မူသည်။

 

ထို့နောက် စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ အဂ္ဂသာမိ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ကျောင်းတိုက် (၁၂၃)တိုက်မှသီလရှင် ဆရာလေး(၁၁၁၁)ပါးတို့အား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက အလှူငွေနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/‌ဆက်)