ရန်ကုန်၊ မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်မြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနယကအဖွဲ့ဥက္ကဌ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက် ပဓာနနာယကဆရာတော် ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော် မဟာကန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်များနှင့် ဇနီးများ၊ သာသနာပြုဘွဲ့ရလူပုဂ္ဂိုလ်များ၊ သာသနာရေးနှင့် ယဥ်ကျေးမှု၀န်ကြီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထား၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ သာကေတမြို့နယ် တိပိဋကလင်္ကာရ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှဧည့်ပရိသတ်များက ငါးပါး သီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက် ရတနာသိဒ္ဓိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ၀ါယမိန္ဒက သမ္မောဒနီယသြ၀ါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအပါး (၈၀)၊ သီလရှင်ဆရာကြီး ( ၈ ) ပါး စုစုပေါင်း (၈၈) ပါးတို့အားဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းနှင့်ဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ် (၁၆) ဦးတို့ကို ဘွဲ့တံဆိပ်အပ်နှင်းခြင်းတို့ကို ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်း လောင်းအမျှပေးဝေကြသည်။
ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့်သီလရှင် ဆရာကြီးများအား ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်၀ထ္ထုများလှူဒါန်း၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်