ရန်ကုန် ၊ ဇူလိုင် ၂၅

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးစံပြ စိုက်ကွက်ဧက ၁၅၀၀ ကျော်နှင့် စံပြမျိုးစေ့ ထုတ်စိုက်ခင်း ဧက ၁၂၀၀ ခန့် စိုက်ပျိုးထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာမှ သိရသည်။

 

ယခုနှစ်တွင် မိုးစပါး ဧက ၁၁ သိန်းကျော်စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ဧက ၈ သိန်း ကျော်စိုက်ပျိုးထားပြီးဖြစ်၍ ၇၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားပြီးဖြစ်သည်။  

 

ရန်ကုန်တိုင်းဒေသကြီးတွင် ယမန်နှစ်ကမိုးစပါး တစ်ဧကလျှင် ၆၈ ဒသမ ၂၈ တင်းနှုန်းဖြင့် တင်းပေါင်း ၇၉,၅၂၁,၁၄၃  တင်းထွက်ရှိခဲ့ပြီး ယခုနှစ်မိုးရာသီ၌ တစ်ဧက ၆၉ ဒသမ ၃၃ တင်းရရှိရန် လျာထားဆောင်ရွက်လျက်ရှိသည်။ မျိုးစေ့ထုတ်စိုက်ကွက်တွင် အထွက်ကောင်း မျိုးစပါး ၁၄ မျိုးခန့်၊ အရည်အသွေးကောင်း မျိုးစပါး ၅ မျိုး နှင့် ဒေသမျိုး ၇ မျိုးတို့ဖြင့် စုစုပေါင်း မျိုးစပါးအမျိုးအစား ၂၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။

 

 “မနှစ်က မိုးစပါးအထွက်နှုန်းထက် တိုးပြီးလျာထားဆောင်ရွက်နေတယ်။ လက်ရှိ လျာထားမှုဟာ သဘာဝဘေးအန္တရာယ် မရှိဘူးဆိုရင် လုံလောက်မှာပါ။ မနှစ်က တစ်ဧက ကို ၆၈ ဒသမ ၂၈ တင်းထွက်ခဲ့တဲ့အတွက် ဒီနှစ်မှာ ၆၉ ဒသမ ၃၃ တင်းထွက်ရှိဖို့တိုးပြီး လျာထား ဆောင်ရွက်ထားပါတယ်။ စံပြစိုက်ကွက် ဧက ၁၅၀၀ ကျော်နဲ့ မျိုးစေ့ထုတ် စိုက်ဧက ၁၂၀၀ ခန့် စိုက်ပျိုးထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ မိုးစပါးဧက ၁၁ သိန်းကျော် စိုက်ပျိုးဖို့ လျာထားချက်မှာ ဧကရှစ်သိန်းကျော် စိုက်ပျိုးပြီးပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

 

မိုးစပါးတွင် တစ်ဧက တင်း ၁၀၀ ထွက်ရှိသည့် အထွက်ကောင်းမျိုးဖြစ်သော မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ရွှေဝါထွန်း၊ သီးထပ်ရင်၊ ရက်ကိုးဆယ်၊ မှော်ဘီ-၃၊ ရွှေဝါထွန်း၊ ရာကျော်အပါအဝင် အထွက်ကောင်းမျိုးစပါးများ၊ အရည်အသွေးကောင်း မျိုးစပါးများဖြစ်သည့် ဧရာမင်း၊ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းရင်၊ အင်းမရဲဘော်၊ မှော်ဘီ-၂ အပါအဝင် မျိုးစပါးများနှင့် ဒေသမျိုးဖြစ်သော မီးတုံး၊ ငကျွဲ၊ ငစိန်၊ ကောက်ညှင်း၊ ဇီယာစသော စပါးအမျိုးအစားသုံးမျိုးကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးလျက်ရှိပြီး အဆိုပါအမျိုးအစား သုံးမျိုးအား ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ၆၉ ဒသမ ၃၃ တင်းထွက်ရှိရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)