နေပြည်တော် ၈ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆန်းစစ်သုံးသပ်မှု အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဘက်စုံဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ခြင်းနှင့် ရှေ့ဖြစ်ပေါ် လာနိုင်သည့် အခြေအနေအရပ်ရပ်ကို တွက်ဆကာ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲလျက်ရှိသည့် အခြေအနေအရပ်ရပ်၊ ဝန်ကြီးဌာနမှရရှိသော အရင်းအမြစ်နှင့် လုပ်ဆောင်နိုင်သည့် အတိုင်းအတာတို့အပေါ် မူတည်၍ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို တသမတ်တည်းမဟုတ်ဘဲ မွမ်းမံပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်များကိုလည်း နောက်ဆုံး တွေ့ရှိချက်အသစ်များ၊ ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ အမြဲဆန်းစစ်မွမ်းမံလျက်ရှိပါကြောင်း။
ယခုအခါ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများကို Cobas 6800 စက်များ၊ RT PRC စက်များ၊ GeneXpert စက်များနှင့် စစ်ဆေးခြင်းအပြင် Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းများကိုပါ ပိုမိုတိုးမြှင့်လုပ်ဆောင် လျက်ရှိရာ ယခုရက်ပိုင်းတွင် ရောဂါပိုးရှိသူအရေအတွက် ပိုမိုတွေ့ရှိလာမည်ဖြစ်ကာ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေခြင်းလုပ်ငန်းများ ပိုမိုထိရောက်လာမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါ ထိန်းချုပ်မှုများ ပိုမိုထိရောက်မည်ဖြစ်ပါကြောင်း၊ လူနာများ လွှဲပြောင်းပို့ဆောင်မှု၊ အသွားအလာ ကန့်သတ်ခံထားသူ များအား စိစစ်ခွဲခြားသတ်မှတ်ထားရှိခြင်း၊ အသွားအလာ ကန့်သတ်ခံထားသူများနှင့် စောင့်ကြည့်လူနာများ၏ အခြေအနေနှင့် ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခြင်း၊ အသွားအလာ ကန့်သတ်ရာနေရာများတွင် နာတာရှည်ရောဂါ အခံရှိသူများအား ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းအဆင့် (flowchart) များကို ပြုစုဖြန့်ဝေခြင်း၊ စောင့်ကြည့်လူနာများနှင့် အသွားအလာ ကန့်သတ်မှုခံထားသူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ အန္တရာယ်ရှိသည့် ရောဂါလက္ခဏာများနှင့် ထိုသို့ ရောဂါလက္ခဏာတစ်မျိုးမျိုး ဖြစ်ပွားပါက အကြောင်းကြားဆက်သွယ်ရမည့်သူ စသည့် အချက်အလက်များကို ၎င်းတို့ထံဖြန့်ဝေထားခြင်း၊ ဓာတ်ခွဲအဖြေများ အချိန်မီရရှိခြင်း၊ ကုသမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ အချိန်နှင့်တစ်ပြေးညီ ချမှတ်ခြင်းနှင့် ကုသမှုပိုင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများအား လူနာများအား ကုသမှုပေးနေသူ များထံ ဖြန့်ဝေခြင်းတို့သည် အထူးအရေးကြီးပါကြောင်း။
အဆိုပါအချက်များအား ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ဆေးရုံများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေရေး လိုအပ်ချက်ကို ကြိုတင် တွက်ဆထားရှိကာ တောင်းခံခြင်းနှင့် အခြားပံ့ပိုးပေးရန် လိုအပ်ချက်များ တောင်းခံခြင်းတို့ကို တယ်လီဖုန်း၊ အီးမေးလ်တို့ဖြင့် ချက်ချင်းအကြောင်းကြားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အောက်ဆီဂျင် မပြတ်လပ်စေရေး အတွက် ဆေးရုံများတွင် ပိုက်လိုင်းများတပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင်ထုတ်လုပ်သူများနှင့် ကြိုတင်စာချုပ်ချုပ်ဆို လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ကြတ်မတ်ကုသရန် လိုအပ်သူများ အတွက် High Dependency Unit များနှင့် အထူးကြပ်မတ်ကုသဆောင်များ တိုးချဲ့ပြင်ဆင်နေခြင်းသည် ကောင်းမွန်ပြီး လိုအပ်သည့်ပံ့ပိုးမှုများအား ချက်ချင်းတောင်းခံရန်ဖြစ်ကာ ချက်ချင်းပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရောဂါပြန့်ပွားကူးစက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် သံသယလက္ခဏာ ရှိသူများအနေဖြင့် သက်ဆိုင်ရာသို့ ကိုယ်တိုင်ဖုန်းသတင်းပေးပို့ခြင်း (self-reporting) ကို လုပ်ဆောင်ရန် အရေးကြီးမှု၊ ထိုသို့ ဆောင်ရွက်ကြရန်အတွက် အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကာ ၎င်းတို့အား Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ အိမ်တွင် အသွားအလာကန့်သတ်ခြင်း၊ သတ်မှတ်နေရာ အဆောက်အဦတွင် အသွားအလာကန့်သတ်ခြင်း၊ ပြည်သူလူထုအခြေပြုကာ သတ်မှတ်နေရာ အဆောက်အဦ များတွင် အသွားအလာကန့်သတ်ခြင်းတို့အား ဆုံးဖြတ်လုပ်ဆောင်ရန်နှင့် ကုသမှုလိုအပ်သူများကို စောင့်ကြပ် ကြည့်ရှုကုသမှုပေးရန် အစီအစဉ်၊ ဖျားနာလူနာ ကုဆေးခန်းများကို ပိုမိုစနစ်ကျစွာဖြင့် ပြင်ဆင်နိုင်ရေး အစီအစဉ် ရေးဆွဲနေမှု တို့ကိုလည်းကောင်း။
ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် ကိုဗစ်-၁၉ လူနာများထားရှိရန် လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင်များ ပြင်ဆင်ပြီးစီးမှု အခြေအနေနှင့် Portable X-ray စက်များလိုအပ်မှုနှင့် လူနာများ၏ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖြည့်သွင်းရန် စီစဉ်ထားရှိမှုကိုလည်းကောင်း။
ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများနှင့် ကုသရေးဌာနများတွင် ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် အကန့်အသတ်ရှိမှု၊ ကိုဗစ်-၁၉ ကုသရေးဌာနများ ယခုထက် ထပ်မံတိုးချဲ့ရန် သင့်/ မသင့် စဉ်းစားသုံးသပ်ရန် လိုအပ်မှု၊ ဆေးရုံနှင့် အသွားအလာ ကန့်သတ်ရာနေရာများမှ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖြည့်စွက်ပေးရန်အတွက် စေတနာ့ဝန်ထမ်းများနှင့် ချိတ်ဆက်ထားရှိမှုနှင့် ကျန်းမာရေးဝန်ထမ်းများကို အသက်ရှူစက်အသုံးပြုမှု မွမ်းမံ သင်တန်းနှင့် PPE စနစ်တကျ ဝတ်ဆင်အသုံးပြုမှု မွမ်းမံသင်တန်းများ ပေးအပ်နေမှုတို့ကိုလည်းကောင်း။
ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှက ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကုသရေးဌာန များနှင့် ဆေးရုံများတွင် လူနာများ လက်ခံကုသမှုပေးခဲ့သည့် အခြေအနေနှင့် လက်ရှိတွင် ကုသမှုပေးနေသည့် လူနာအရေအတွက်၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံနှင့် အင်းစိန်ပြည်သူ့ဆေးရုံတို့တွင် လုံခြုံရေးအတွက် ပြင်ပကုမ္ပဏီအား ငှားရမ်းခြင်း သက်တမ်းတိုးမြှင့်ရန်နှင့် အသစ်ခေါ်ယူရန်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အချက်အလက်များ ဖြည့်စွက်ရန်အတွက် Mobile Tablet များ ဖြန့်ဝေထားသည့် အစီအစဉ်တို့ကိုလည်းကောင်း။
ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က လက်ရှိတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု အမျိုးမျိုးဆောင်ရွက်နေမှု၊ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်အား မြို့နယ်များတွင် အသုံးပြုရန်အတွက် မွမ်းမံပြင်ဆင်နေမှုနှင့် RT PCR စက် (၃) လုံး တိုးချဲ့တပ်ဆင်နိုင်ရန် တင်ဒါခေါ်ယူဆောင်ရွက်နေမှုတို့ကို လည်းကောင်း။
ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က Rapid Antigen Diagnostic Test Kit များကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် အရေအတွက်တိုးမြှင့် ဖြန့်ဝေပေးရန် လိုအပ်မှုကို လည်းကောင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တိုးချဲ့ထားသည့် ကိုဗစ်-၁၉ လူနာဆောင်အတွက် လိုအပ်သည့် Portable X-ray စက်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Remdesivir ဆေးနှင့် အခြားလိုအပ်သော ဆေးဝါးများကို လုံလောက်စွာ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံ နှင့် အင်းစိန်ပြည်သူ့ဆေးရုံတို့တွင် လုံခြုံရေးအတွက် ပြင်ပကုမ္ပဏီအား ငှားရမ်းခြင်းအား သက်တမ်းတိုးမြှင့်ရန်နှင့် အသစ်ခေါ်ယူရန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်း ပေးခဲ့ကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရပ်ပိုင်းဆိုင်ရာ ကိုက်ညီဆီလျော်မှုသာမက ကပ်ရောဂါဗေဒ သဘောတရား၊ အရင်းအမြစ်များ ရရှိမှုအခြေအနေနှင့် လက်တွေ့လုပ်ဆောင်နိုင်သည့် အတိုင်းအတာတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကပ်ရောဂါဖြစ်စဉ်တွင် လုပ်ငန်းအလိုက် မည်သူကဆောင်ရွက်သည် ဖြစ်စေ ပြည်သူများအကျိုးအတွက်ဟူသည့် တူညီသည့် ဦးတည်ချက်တစ်ခုအတွက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟု သဘောထားကာ သတင်းအချက်အလက်များ မျှဝေခြင်း၊ စနစ်တကျ ချိန်သားကိုက် ပူးပေါင်းဆောင်ရွက် ခြင်းတို့ကို လုပ်ဆောင်ကြစေလိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်


