ရန်ကုန် ၁၁ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် OSC အထွေထွေရောဂါကုဆေးရုံနှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် OSC အထွေထွေရောဂါကုဆေးရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ OSC ဆေးရုံ မန်နေးဂျင်းဒါရိုက်တာ ဦးသူရအောင်၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးအေးထွေးနှင့် အလုပ်သမားကိုယ်စားလှယ် ဒေါ်နှင်းရီထွေးတို့က လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှမှုနှင့် သဟဇာတဖြစ်မှုများ ထွန်းကားသော မြန်မာ့လူ့ဘောင်တစ်ရပ် တည်ဆောက်ရန် မျှော်မှန်းပြီး နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကိုရေးဆွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကျန်းမာရေးစောင့်ရှောက်မှု၊ အာမခံစနစ် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမား၊ အလုပ်ရှင်တို့၏ ထည့်ဝင်ကြေးငွေတို့ဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေရန် လူမှုဖူလုံရေးစီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုဝယ်ယူသူ ခွဲခြားလုပ်ကိုင်သည့် Provider Purchaser Split (PPS)စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စမ်းသပ်ဆေးခန်းများကို ၂၀၁၈ ခုနှစ်တွင် စတင်၍ ဆေးခန်း ၆ ခန်းဖွင့်လှစ်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်လုပ်ကိုင်နေကြသော အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အဆင်ပြေစွာ ရရှိနိုင်စေရန် လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်းကို စမ်းသပ်စီမံကိန်း (Pilot Project) အနေဖြင့် ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ပြည်သူလူထု၏ ကျန်းမာရေးအခြေအနေကို တိုးတက်လာနိုင်စေရုံမျှမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့် ရှောက်မှုကို လူတိုင်းလက်လှမ်းမီ ရရှိရေးသည် နိုင်ငံတော်၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ ဆေးဝါးကုမှုပေးခြင်း လုပ်ငန်းကို အာမခံအလုပ်သမားများ စိုက်ထုတ်သုံးစွဲမှု မရှိအောင် ဆောင်ရွက်ပေးပြီး ဆေးဖိုးစိုက်ထုတ် သုံးစွဲငွေများကို ပြန်လည်တောင်းခံရာတွင် မြန်မြန်ဆန်ဆန် ခွင့်ပြုထုတ်ပေးခြင်းဖြင့် အလုပ်သမားများရဲ့ ယုံကြည်အားထားမှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် OSC ဆေးရုံမှ မန်နေးဂျင်းဒါရိုက်တာက ဆေးခန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမား ကိုယ်စားလှယ်တို့က ကျေးဇူးတင်စကား ပြောကြားသည်။
အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး Provider Purchaser Split (PPS)စနစ်အရ ပြင်ပလူနာ ကျန်းမာရေးစောင့်ရှောက်မှုကို အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာကျင့်သုံးလျက်ရှိသည့် Capitation စနစ်အရ ငွေပေးချေမှုဖြင့် ဆေးခန်းများကို ဖွင့်လှစ်၍လည်းကောင်း၊ ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ဝန်ဆောင်မှုတစ်ကြိမ်အတွက် သတ်မှတ်နှုန်းထားဖြင့် ငွေပြန်လည်ပေးချေခြင်း (Per Visit)ဖြင့် လည်းကောင်း၊ ဆေးဝါးသုံးစွဲမှုအတွက် (Fee for Service)ဖြင့် ငွေပြန်လည်ပေးချေခြင်းဖြင့်လည်းကောင်း စမ်းသပ်ကျင့်သုံး အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်