ရန်ကုန်   အောက်တိုဘာ   ၁၃

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊   တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင်ကျေးရွာအနီး   စစ်ပင်တောင်ကွေ့ရှိ ငမိုးရိပ်ရေထိန်းတံခါးသို့သွားရောက်၍  ရေထိန်း တံခါးပေါက်များမှ ရေပြန်ထုတ်ထားမှုနှင့် ရေထိန်းတံခါးအနီး  အမှိုက်နှင့်နုန်းများ ဆယ်ယူနေမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မီးသတ်ဦးစီးဌာနမှ စက်တပ်လှေငယ်များဖြင့်    ငမိုးရိပ်ချောင်းတစ်လျှောက် ချောင်းရေစီးဆင်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌  ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲ‌ရေးဦးစီးဌာနနှင့်  ရေအရင်း အမြစ်နှင့်  မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ရေများ ပြန်လည်ကျဆင်းရာတွင် ရေထိန်းတံခါးအနီး ပိတ်ဆို့နေသည့်အမှိုက်များအား အမြန်ဆုံးရှင်းလင်းရန်၊ အမှိုက်များနှင့်အတူ သဲနုန်းများကို နုန်းဖျော်စက်ဖြင့် ရှင်းလင်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်)သို့သွားရောက်ပြီး ဆေးရုံဝင်းအတွင်း ရေဝင်ရောက်မှု၊ ဆေးရုံထရန်စဖော်မာ ဘေးပတ်လည် ရေဝင်ရောက်မှု မရှိစေရေး ဆောင်ရွက်နေမှု၊ စိတ်ကျန်းမာရေးဆေးရုံကြီး မီးဖိုနှင့် ရိက္ခာဆောင်အတွင်း ရေဝင်နေမှုနှင့် ဆန်ရိက္ခာများ သိုလှောင်ထားရှိမှု အခြေအနေကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ ဆေးရုံအတွင်း ရေဝင်ရောက်မှုမရှိစေရန် သဲအိတ်များ စနစ်တကျချထားရေးနှင့်    လိုအပ်သည်များကို မှာကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းကလည်း ငမိုးရိပ်ရေထိန်း တံခါးကြံ့ခိုင်မှုအခြေ အနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန   ညွှန်ကြားရေးမှူးက ရေလမ်းကြောင်းပိတ်ဆို့မှုမရှိစေရန် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်