ရန်ကုန် ၂၃ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တီထွင်ဆန်းသစ်မှု ဦးစီးဌာနတို့ ပူးပေါင်း၍ သစ်သီးဝလံများကို တန်ဖိုးမြှင့် ထုတ်လုပ်သည့် နည်းပညာများ ဖြန့်ဖြူးပေးမည့် သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါ သင်တန်းတွင် နာနတ်သီး၊ ချဉ်စော်ကားသီး၊ ခရမ်းချဉ်သီး၊ သရက်သီး၊ မက်လင်ချဉ်သီးများကို ဖျော်ရည်၊ ယို၊ အခြောက်ခံခြင်းနှင့် ဝိုင်ပြုလုပ်သည့်နည်းပညာ၊ ငှက်ပျောသီးကိတ်ပြုလုပ်သည့်နည်းပညာကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ပို့ချပေးမည်ဖြစ်ပြီး ဝါးပါကေးပြုလုပ်သည့်နည်းပညာကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ပို့ချပေးမည် ဖြစ်သည်။
ယင်းအပြင် ပေါ့ခိုင်အုတ်ထုတ်လုပ်သည့်နည်းပညာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ၊ ဆေးဆိုးခြင်းနည်းပညာကို ၂၀၂၀ ခုနှစ် မေလ၊ နာနတ်သီးခြောက်ပြုလုပ်သည့် နည်းပညာ၊ ပဲနို့ပြုလုပ်သည့် နည်းပညာတို့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် ကြက်သွန်ခြောက်ပြုလုပ်သည့် နည်းပညာ၊ ကြက်သွန်မှုန့်ပြုလုပ်သည့် နည်းပညာကို ၂၀၂၀ ခုနှစ် မတ်လတွင် သင်ကြားပေးမည်ဖြစ်သည်။
ထို့ပြင် ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်သည့် နည်းပညာ၊ ဒန့်သလွန်သီးမှ ဒန့်သလွန်စေ့လှော် ထုတ်လုပ်သည့် နည်းပညာ၊ ခရမ်းချဉ်သီးခြောက်ပြုလုပ်သည့်နည်းပညာကို ၂၀၂၀ ခုနှစ် မတ်လ၊ အပင်ထွက်ပစ္စည်းများမှ ခြင်ပြေးဆေးဖော်စပ်ပြုလုပ်သည့် နည်းပညာကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် Preservative and Packaging ဆိုင်ရာသင်တန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် သင်ကြားပေးမည်ဖြစ်သည်။
ယင်းနည်းပညာသင်တန်းများကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (အစည်းအဝေးခန်းမ)တွင် သင်ကြားပေးမည်ဖြစ်သည်။ နည်းပညာသင်တန်းများ ပို့ချရာတွင် လက်တွေ့ဆောင်ရွက်ရာ၌ ထိရောက်အကျိုးရှိစေရန်အတွက် ပို့ချမည့်သင်တန်း အမျိုးအစားအပေါ်မူတည်၍ လူဦးရေကန့်သတ်မှုများရှိနိုင်ပြီး သင်တန်းတက်ရောက်လိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ကြိုတင်၍ စာရင်းပေးသွင်းနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
သူရိန်ကျော်


