နေပြည်တော် ၂၃ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက် နေ့တွင် ကျရောက်မည့် ရန်ကုန် တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်း အမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါပန်းချီ ပြိုင်ပွဲကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကြီး၏ သာယာလှပမှုများ၊ အေးချမ်း ပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက် ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှု များ၊ သမိုင်းအစဉ်အလာကြီးမားခဲ့ မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင် ပေးနိုင်ရေး ကြိုးစားဆောင်ရွက် နေပုံများ စသည်တို့ကို ဖော်ညွှန်း ရေးဆွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။
ပန်းချီပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဆီဆေး (သို့မဟုတ်) အခရိုင်းလစ် မီဒီယမ် အဖြစ် ရေးဆွဲယှဉ်ပြိုင်မည်ဆိုပါက ၁ ဒသမ ၅ ပေ x ၂ ပေ(ကင်းဗတ်)ဖြင့်လည်းကောင်း၊ ရေဆေးဖြင့် ရေးဆွဲယှဉ်ပြိုင်မည်ဆိုပါက ၁၅ လက်မ x ၂၀ လက်မ (Water Colour Paper) ဖြင့်လည်းကောင်း ပေးပို့ ယှဉ်ပြိုင်ရမည်။ ပြိုင်ပွဲဝင် လက်ရာများနှင့် ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ် ခဲ့ပါက အကဲဖြတ်အဖွဲ့၏ ဆုံးဖြတ် ချက်အတိုင်း သာ ဖြစ်ရမည်။
ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲ ဝင်ပန်းချီကားကို ကိုယ်တိုင်ရေး ပန်းချီကားဖြစ်ကြောင်း ဝန်ခံချက် ရေးသား၍ လိုင်စင်ဓာတ်ပုံ နှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်း အကျဉ်းတို့နှင့် အတူ ပေးပို့ရမည်ဖြစ်သည်။ ပြိုင်ပွဲ ဝင် ပန်းချီကားများကို နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံး ထား၍ ဦးအောင်ကျော်ထက်၊ ဒုတိယ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပေးပို့ရ မည် ဖြစ်သည်။
သတင်းစဉ်


