နေပြည်တော် ၂၉ နိုဝင်ဘာ
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ရာပြည့်သဘင် အခမ်းအနားနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချူပ်များနှင့် ပါမောက္ခများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာသီတာလှ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်တည်ရှိသည့် ကမာရွတ် မြို့နယ်သည် Stay at Home မြို့နယ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် မြို့နယ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အခမ်းအနားအား (MRTV စတူဒီယို-၁မှ) ကြိုတင်ရိုက်ကူးထားသည့် အစီအစဉ် Virtual Celebration ဖြင့် MRTV ၊ Facebook တို့မှ (၁-၁၂-၂၀၂၀)ရက်နေ့တွင် ထုတ်လွှင့်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို ချစ်မြတ်နိုးသော တိုင်းရင်းသားပြည်သူများ ရန်ကုန်တက္ကသိုလ်သို့လာရောက်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူး မှတ်တမ်းတင်နေကြသည်ဟု ကြားသိရပါကြောင်း၊ ထိုကဲ့သို့ လာရောက်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရေးနှင့် ကျန်းမာဘေးကင်းလုံခြုံရေးကိစ္စရပ်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ တားဆီးကာကွယ်နေရသောကြောင့် ရာပြည့် သဘင်အထိမ်းအမှတ် အခမ်းအနားကို ကြိုတင်ရိုက်ကူးထားသည့် အစီအစဉ် Virtual Celebration ဖြင့် ဒီဇင်ဘာ ၁ ရက်တွင် ညနေ ၅ နာရီမှ ၆ နာရီခွဲ အထိ MRTV နှင့် Facebook များတို့မှ ထုတ်လွှင့် ကျင်းပရန် စီစဉ်ဆောင်ရွက် ထားရှိသဖြင့် အသိပေးနှိုးဆော်ကြေညာခြင်းတို့ကို နိုင်ငံပိုင်မီဒီယာများ၊ လူမှုကွန်ယက် စာမျက်နှာများမှတဆင့် အသိပေးမေတ္တာရပ်ခံနိုင်ရေး ဆောင်ရွက်ရန်၊ ရန်ကုန်တက္ကသိုလ်၏ အလှဆင် အထိမ်းအမှတ်မီးများ ထွန်းညှိထားရှိမှု ကိုလည်း ဒီဇင်ဘာ ၁ ရက်အထိ ညစဉ် ည ၈ နာရီအထိသာ ဆောင်ရွက်ရန် ရန်ကုန်တက္ကသိုလ် ပင်မဂိတ်အဝင်တွင် ဝင်ရောက်သူတစ်ဦးချင်း ကိုယ်အပူချိန်တိုင်းရန်နှင့် ကိုယ်အပူချိန်မြင့်တက်သူတွေ့ရှိပါက သီးခြားခွဲထုတ်ပြီး တက္ကသိုလ်များဆေးရုံသို့ ချက်ခြင်းပို့ဆောင်ကာ Isolation Unit တွင် ခေတ္တထားရှိပြီး သတ်မှတ်ထားသော ကျန်းမာရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ရန်၊ နှာခေါင်းစည်း များ အခမဲ့ဝေငှတပ်ဆင် စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရေး၊ နှာခေါင်းစည်းများ တပ်ထားရေးနှင့် လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာ သွားလာရေးတို့ကို လက်ကိုင်အသံချဲ့ စက်များဖြင့် သတိပေးရန်၊ ပညာပေးစည်းရုံးမှုများ ဆောင်ရွက်ရန်တို့ကို ညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


