ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ၏ ၇၅ ရာခိုင်နှုန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ် Stay at Home ကြေညာထားပါသည်။ ရန်ကုန်တက္ကသိုလ်နယ်မြေ တည်ရှိရာ ကမာရွတ်မြို့နယ်သည်လည်း ပိုးတွေ့လူနာအများဆုံး မြိုနယ်တစ်ခုဖြစ်ပါသည်။ 

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်မည်မဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ ညနေ ၅ နာရီမှစတင်၍ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြည်လမ်း ရန်ကုန်မြို့ရှိ စတူဒီယို(၁)တွင် ကြိုတင်ရိုက်ကူးထားသည့် အစီအစဉ် Virtual စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားကျင်းပပုံများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက် ညနေ ၅ နာရီ မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာအသံရေဒီယိုတို့မှ ထုတ်လွင့်ပြသသွားမည်ဖြစ်ပြီး MRTV Facebook Page, MRTV Live နှင့် ရန်ကုန်တက္ကသိုလ် Facebook Page တို့တွင်လည်း Live Streaming ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပရာတွင် လူစုလူဝေး မဖြစ်စေရန်အတွက် အခမ်းအနားအစီအစဉ်များကို ကြိုတင်ရိုက်ကူးထားပြီး နည်းပညာ အသုံးပြုချိတ်ဆက်ကာ MRTV က ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ပါသဖြင့် အစီအစဉ်များကို မိမိတို့၏ နေအိမ်မှသာ ကြည့်ရှုအားပေးကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ 

ယခုကာလသည် COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားနေသောကာလဖြစ်ပြီး ကမာရွတ်မြို့နယ်ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home နယ်မြေအဖြစ် သတ်မှတ်ထားသော နယ်မြေ ဖြစ်သဖြင့် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် ပြင်ဆင်ထားသည်ကို လာရောက် ကြည်ရှုကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားဟောင်းများနှင့် တိုင်းရင်းသား ပြည်သူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့် တစ်ဦး ၆ ပေခွာ၍နေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေတပ်ဆင်ခြင်းနှင့် Face Shield များတပ်ဆင်ခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း များကို စနစ်တကျ လိုက်နာကြပါရန်နှင့် ကိုယ်ပူချိန်မြင့်မားခြင်း၊ ဖျားနာခြင်း၊ COVID-19 သံသယ လက္ခဏာများတွေ့ရှိပါက ရန်ကုန်တက္ကသိုလ်များဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်ပါက Quarantine Center များသို့ ဆက်လက်ပို့ဆောင်ပေးသွားရန် စီစဉ်ထားရှိပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန