ရန်ကုန် ၂၂ သြဂုတ်


ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို(၉၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC ခန်းမ)တွင် အသုံးချ ဒဿနအမြင်ပြပွဲနှင့် ပညာရှင်များ၏ဒဿန စကားဝိုင်းကို သြဂုတ်(၂၆)ရက်နှင့်(၂၇)ရက် တို့တွင် ကျင်းပသွားမည်ဟု သိရသည်။


အဆိုပါ ဒဿနအမြင်ပြပွဲတွင်  အနုပညာလက်ရာများ၊ ဘွန်ဆိုင်းသစ်ပင်များ၊ ဂျပန်ရိုးရာဆာမူရိုင်း၏(ရသအလှ) သရုပ်ဖော်ပြသခြင်းနှင့် ကျောင်းသား၊ ကျောင်းသူတို့၏ သရုပ်ဖော် တင်ဆက်မှုများ ၊ ဒဿနစာစုများနှင့် ဒဿနဆိုင်ရာစာအုပ်များ စသည်တို့ကို ကြည့်ရှုခံစားရမည်ဖြစ်ပြီး သြဂုတ်(၂၆) ရက်နေ့ ဒဿနစကားဝိုင်းတွင် “လှပသောနိုင်ငံတော်” နှင့် သြဂုတ်(၂၇)ရက် “ လူငယ်သစ်ရှာပုံတော်” ကဏ္ဍနှစ်ခုကို စာရေးဆရာများမှ စကားဝိုင်းအဖြစ် ဆွေးနွေးမည်ဖြစ်သည်။


“ဆွေးနွေးမယ့်အချက်က လှပသောနိုင်ငံတော် ဖြစ်တဲ့အတွက် အားလုံးဆွေးနွေးမှု အပေါ်မှာမူတည်ပြီး ဆွေးနွေးမှာပါ။ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ယူခဲ့တဲ့ကျောင်းသား တစ်ယောက်ဖြစ်တဲ့အတွက် (၁၉၇၀)ခုနှစ် ရွှေရတုမှာလည်း ကိုယ်တိုင်ကပြဆင်နွှဲခဲ့တဲ့ အတွေ့အကြုံလည်း ရှိတယ်။ အဲ့ဒါလေးကလည်း ပြန်ပြီး လွမ်းစရာပါ။ အခုရာပြည့်မှာလည်း တတ်နိုင်တဲ့ဖက်က တက်တက်ကြွကြွ ပါဝင်မှာပါ။ အမိတက္ကသိုလ်ကြီး အတွက်ပေါ့” ဟု ဆရာ ချစ်ဦးညိုက ပြောကြားသည်။


ပညာရှင်များ၏ ဒဿနစကားဝိုင်းဖြစ်သော လှပသောနိုင်ငံတော် စကားဝိုင်းတွင် ပါမောက္ခဒေါက်တာ ဆန်းထွန်း၊ ဆရာချစ်ဦးညို၊ ဆရာမောင်မောင်ဇေယျ၊ ဆရာ မင်းကိုနိုင်၊ ဆရာကျော်မင်းဆွေ( MUI) တို့မှ ဆွေးနွေးမည်ဖြစ်ပြီး  လူငယ်သစ်ရှာပုံတော် စကားဝိုင်းတွင် ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ)၊ ပါမောက္ခ ဒေါက်တာမောင်ဆောင် ၊ ဆရာ အင်းမောင်(ဒဿန)၊ ဒေါက်တာ ဟန်ထူးလွင် (BigBag) နှင့် ဒါရိုက်တာ ဏကြီးတို့က ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် စကားဝိုင်းအဖြစ် ဆွေးနွေးမည်ဖြစ်သည်။


ရန်ကုန် တက္ကသိုလ်ကို (၁၉၂၀)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး (၁၉၇၀)ခုနှစ်တွင် အနှစ်(၅၀ )ပြည့် ရွှေရတုကို ကျင်းပခဲ့ကာ (၂၀၂၀)ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်(၁၀ဝ)ပြည့်ပြီဖြစ်၍ ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်ရာပြည့်အတွက် အသုံးချ ဒဿနအမြင်ပြပွဲနှင့် ပညာရှင်များ၏ ဒဿနစကားဝိုင်းကို ရာပြည့်အကြိုအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


သန်းထိုက်


ဓာတ်ပုံ - သန်းစိုး