နေပြည်တော် ၁ ဇူလိုင်

 

ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) အဖွဲ့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံသို့ ရန်ပုံငွေများပံ့ပိုးပေးအပ်ခြင်း သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေးရန်ပုံငွေ (Access to Health Fund) အဖွဲ့မှ (၂၀၁၉-၂၀၂၃) ခုနှစ် (၅)နှစ်တာကာလအတွက် ပြည်နယ် (၈)ခုနှင့် တိုင်းဒေသကြီးများရှိ မြို့နယ် (၁၄၄) မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုလက်လှမ်းမီရရှိရန် ဝန်ကြီးဌာနနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံသို့ အမေရိကန် ဒေါ်လာ (၂၁၅) သန်းကို ပံ့ပိုးပေးသွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် နေထိုင်ကြသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လွန်စွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေတွင် အများဆုံး ထည့်ဝင်လှူဒါန်းခဲ့ကြသည့် United Kingdom၊ ဆွီဒင်နှင့် ဆွစ်ဇာလန် နိုင်ငံများကို ကျေးဇူးတင်ရှိပါကြောင်း။

 

ယခုသဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးရာတွင် ဝန်ကြီးဌာနသို့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) အဖွဲ့မှ လာမည့် (၂) နှစ်တာကာလအတွင်း အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည် ဖော်ခြင်း၊ တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကလေးကျန်းမာ ဖွံ့ဖြိုးရေး၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး၊ မူးယစ်ဆေးစွဲကုသခြင်းနှင့် အသည်းရောင်အသားဝါရောဂါ ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများပံ့ပိုးပေးအပ်သည့်အတွက် ဝန်ကြီးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပံ့ပိုးပေးအပ်သည့် ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချ၍ အမျိုးသားအဆင့် ကျန်းမာရေးစီမံကိန်းများ၏ ရည်မှန်းချက်များ ပြည့်မီဆောင်ရွက်နိုင်ရန်အတွက် လက်တွေ့ မြေပြင်အခြေအနေတွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစီမံချက် (work plan) များ ချမှတ်ရေးဆွဲခြင်းနှင့် လုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေများ လွှဲပြောင်းပေးအပ်မှု၊ လက်ခံရယူမှုနှင့် အသုံးချဆောင်ရွက်မှုစသည့် ဘဏ္ဍာငွေ စီးဆင်းမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့သည် အရေးကြီးပါကြောင်း။

 

လုပ်ငန်းများဆောင်ရွက်မှုများ ယခုထက် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် လက်တွေ့အသုံးချလုပ်ငန်း သုတေသနများ တွဲဖက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလှူရှင်အဖွဲ့အစည်းများက ပံ့ပိုးသည့် ရန်ပုံငွေများကို အကျိုးရှိ ထိရောက်စွာ အသုံးချ၍ အရည်သွေးပြည့်ဝသည့်၊ လက်တွေ့မြေပြင် အခြေအနေနှင့် ကိုက်ညီမှုရှိသည့်၊ ပညာရပ်ပိုင်းဆိုင်ရာ ဆီလျော်မှုရှိသည့်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့ အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်နှင့် Accessto Health Fund မှ Fund Director Mr. Oren Ginzburg တို့ကပြည်ထောင်စုဝန်ကြီးရှေ့မှောက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ ရန်ပုံငွေများ ပံ့ပိုးပေးအပ်ခြင်းသဘောတူညီမှုစာချွန်လွှာ (၇)ခုကို လက်မှတ်ရေးထိုးသည်။

 

ဆက်လက်၍ အလှူရှင်အဖွဲ့အစည်းများ၏ ကိုယ်စား Department for International Development UK မှ Acting Head of Office, Ms. Rebecca Richards နှင့် မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်နိုင်ငံသံရုံးမှ Deputy Head of Mission, Mr. GiacomoSolari တို့က အမှာစကားပြောကြားခဲ့ကြသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ ရန်ပုံငွေများပံ့ပိုးပေးအပ်ခြင်း သဘောတူညီမှု စာချွန်လွှာလက်မှတ် ရေးထိုးပြီးနောက် လုပ်ငန်းစီမံချက်ရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေ စီးဆင်းမှု လုပ်ထုံးလုပ်နည်းများဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၃ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

DSC_02