ရန်ကုန် ၁၀ မေ
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် SEA GAMES 2019 Exports ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရန် ပြည်တွင်းရှိ ကစားသမားများကို Road To SEA GAMES 2019 ESPORTS ပြိုင်ပွဲကျင်းပပြီးလက်ရွေးစင်အဖြစ် အဆင့်ဆင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစား အဖွဲ့ချုပ် MESF မှ သိရသည်။
အဆိုပါပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် MESF တို့မှထုတ်ပြန်ထားသောTechnical handbook, AESF နှင့် PHISGOC တို့ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ကြေးအခမဲ့ဖြင့် မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူနှင့် ၁၈ နှစ်အောက်ဆိုပါက မိဘအုပ်ထိန်းသူ၏ ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ပါဝင်သော ဂိမ်းအမျိုးအစားများမှာ SEA GAME တွင် ပါဝင်မည့် ကစားနည်း ၆ မျိုးအနက်မှ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် ကစားသမားအင်အား တောင့်တင်းသော ကစားနည်းများဖြစ်သည့် DOTA 2,MLBB,AOV Game အမျိုးအစားများဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ခံ ဦးအာကာထက်အောင် က ပြောသည်။
ပြိုင်ပွဲဝင် အားကစားသမားများစာရင်းကို အွန်လိုင်းစနစ်ဖြင့် ဇွန်လ ၁ ရက်မှ စတင် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်၊ လက်ရည် စစ်ပွဲများနှင့် နောက်ဆုံးအဆင့် ဗိုလ်လုပွဲကိုပါ အွန်လိုင်းစနစ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဆုကြေးငွေကျပ် သိန်း (၁၅၀)ရရှိမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ၃ လဖြစ် ကြောင်း သိရသည်။
လက်ရည်စစ်ပွဲများကိုနည်းစနစ်တကျမျှတစွာယှဉ်ပြိုင်ရန် ဖိလစ်ပိုင်နိုင်ငံဆီးဂိမ်း ကျင်းပရေး ကော်မတီနှင့် အာရှအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်တို့ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ကစားနည်းဒိုင်လူကြီးများကို ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာပရိသတ်များအားပေးကြည့်ရှုနိုင်ရန် သက်ဆိုင် ရာ ကျွမ်းကျင်ကုမ္ပဏီများနှင့် MESF တို့ ပူးပေါင်းစီစဉ်မည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကိုMYANMAR ESPORTS FEDERATION Facebook Page နှင့် MESL MYANMAR ESPORTS LEAGUE Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်း-မြတ်စန္ဒီ
ဓာတ်ပုံ-ရဲထွဋ်