ရပ်စောက် ဧပြီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်များ၌ ထိုးနှံပေးခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ဆေးထိုးစုရပ်များဖြစ်သည့် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု၊ ပါမဲကျေးရွာအုပ်စုနှင့် ဆတ်သေ/ပါမဲကျေးရွာတို့တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး ဗထူးစစ်ဆေးရေးဂိတ်၊ နောင်ဘိုစစ်ဆေးရေးဂိတ်နှင့် ဇော်ဂျီရပ်ကွက်အတွင်းရှိ ရေကြည်ချောင်းအနီးတွင် ဖြတ်သန်းသွားလာကြသည့် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထားများ မေးမြန်းစစ်ဆေး၍ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ ကြကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ဆေးထိုးစုရပ်များအပြင် မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ် ဖွင့်လှစ်၍ ထိုးနှံပေးခြင်း၊ နေအိမ်များအရောက် ကွင်းဆင်း၍ ထိုးနှံပေးခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)