ရပ်စောက် ၂၆ ဩဂုတ်
ရပ်စောက်မြို့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ပညာရည်ချွန်ဆုပေးပွဲကို ဩဂုတ် ၂၅ ရက် မွန်းလွဲပိုင်းက ရပ်စောက်မြို့၊ ဈေးတန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဘမော်နှင့် မြို့နယ် ပညာရေးမှူး ဒေါ်အေးအေးမော်တို့က အမှာစကား ပြောကြားပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ဓနုတိုင်းရင်းသား ကျောင်းသား ကျောင်းသူ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦးတို့အား မြို့နယ် ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ရပ်စောက်မြို့နယ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်နှင့် ပင်းတယမြို့ ဓနုပညာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)


