ရပ်စောက် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုဖြင့် ဆီထွက်သီးနှံ ဖူလုံစွာစားသုံးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ကောင်းဘို့ကျေးရွာအုပ်စု၊ တောယားကျေးရွာအတွင်းရှိ နေကြာမျိုးစေ့ထုတ် စံပြစိုက်ခင်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်နှင့် ခရိုင်ဦးစီးမှူး ဦးလှငြိမ်းတို့က တောယားကျေးရွာ၊ တောင်သူ ဦးစိုင်းမြင့်အောင်၏ ၈ ဒသမ ၅၀ ဧကရှိ နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ကောင်းဘို့ကျေးရွာအုပ်စုအတွင်းရှိ နေကြာမျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံမှု ရရှိစေနိုင်ရေးအတွက် ဆီထွက်သီးနှံများကို နည်းလမ်းမှန်ကန်စွာဖြင့် စနစ်တကျစိုက်ပျိုးကြရန်၊ စိုက်ပျိုးရေး နည်းပညာများနှင့်ပတ်သက်၍ သိလိုသည်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။
ရပ်စောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် နေကြာမျိုးစေ့ထုတ် ဧက(၁၀၀) စိုက်ပျိုးထုတ်လုပ်ရန်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅)အုပ်စုမှ နေကြာမျိုးစေ့ထုတ်တောင်သူ (၁၅)ဦးအား နေကြာမျိုးစေ့ထုတ် ဧက (၁၀၀)အတွက် (၁)ဧကလျှင် မျိုးစေ့ (၄)ကီလိုနှုန်းဖြင့် ကီလို(၄၀၀)နှင့် မြေဩဇာ (၁၀၀)အိတ်တို့အား ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)