ရန်ကုန်  ၂၁  ဩဂုတ်


 
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် စာပေဗိမာန် ၇၃ နှစ်ပြည့်အထိမ်းအမှတ် ရသစာတမ်း(အက်ဆေး) ဖွံ့ဖြိုးရေး စာပေစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမဆောင်၌ ကျင်းပသည်။

 

ယနေ့ ကျင်းပသည့် ရသစာတမ်းစာပေစကားဝိုင်းတွင် ဆရာမောင်ခင်မင်-ဓနုဖြူ ၊ ဆရာမောင်ရင့်မာ-ကျောင်းကုန်း၊ ဆရာမ ရှင်ညိမ်းမယ်နှင့် ဆရာမပန်းရိပ်ဖြူတို့က ရသစာပေနှင့် စပ်လျဉ်းသည့်  ရှုထောင့် အမြင်မျိုးမျိုးကို အကြောင်းအရာ စုံလင်စွာဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါစာပေစကားဝိုင်းကို အွန်လိုင်းဖြင့် Myanmar Digital News Facebook Page မှ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး စာပေဗိမာန် sarpaybeikman Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင် ကြောင်းနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလည်း ထုတ်လွှင့်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ ရသစာတမ်းတွင် ပါဝင်ဆွေးနွေးသူ ဆရာမရှင်ညိမ်းမယ်က “ကျွန်မ တက္ကသိုလ်မှာ ရသစာပေကို သင်ကြားတဲ့အခါ ခေါင်းစဉ်တစ်ခုဖြစ်ဖြစ်၊ ရုပ်ပုံတစ်ပုံဖြစ်ဖြစ်၊ ဓာတ်ပုံတစ်ပုံ ဖြစ်ဖြစ်ပြပြီး နည်းအမျိုးမျိုး နဲ့ စာရေးဖြစ်အောင်သင်ကြားဖြစ်ပါတယ်။ ကျွန်မရဲ့အမြင်အရ ရသစာပေရေးသားမှုမှာ ကိုယ့်ရဲ့ စိတ်အတွေးကို အရေးက လိုက်တယ်၊ ဒီအတွေးနောက်မှာလည်း အများလက်ခံနိုင်အောင် ဆွဲဆောင်နိုင်တဲ့ အတတ်ပညာလည်း လိုအပ်ပါတယ်” ဟု ဆွေးနွေးသည်။ 

 

ဆရာ မောင်ရင့်မာ-ကျောင်းကုန်းက “ကျွန်တော် အရင်က ကဗျာနဲ့ဝတ္တုတွေ ရေးသားခဲ့တယ်။ အသက်အရွယ်ရလာချိန်မှာ အက်ဆေးစာပေစတင်ရေးသားလာခဲ့တယ်။ အက်ဆေးဆိုတာ ကဗျာလို လည်း နွဲ့လို့ရတယ်။ ဝတ္တုလိုလည်း ဖွဲ့လို့ရတယ်၊ ရေးလိုက်တဲ့နိဂုံးမှာ ရေးသူအနေနဲ့ စာဖတ်သူအတွက် အတွေးစချန်ရစ်ပေးပြီး စာဖတ်သူက ငြင်းခုန်ခွင့်အတွေးပေးတဲ့ အက်ဆေးရေးသားဖြစ်ပါတယ်၊ ဒါကလည်း ရသစာပေ အက်ဆေးရဲ့ ချစ်စရာကောင်းတဲ့ လွတ်လပ်မှုတစ်ခုဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဆွေးနွေးခဲ့သည်။

 

စာပေစကားဝိုင်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအရ  ပရိသတ်များစွာ ဖိတ်ကြားခြင်းမပြုဘဲ စိတ်ပါဝင်စားသည့် ပြည်သူများ၊ စာပေချစ်သူများ အွန်လိုင်းမှ ကြည့်ရှုနိုင်ရန် အတွက် စီစဉ်ကျင်းပခြင်းဖြစ်ကာ ပါဝင်ဆွေးနွေးသည့် စာရေးဆရာ/ဆရာမများနှင့် တက်ရောက် လာသည့် စာပေချစ်သူများနှင့် အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနေသူများကလည်း ရသစာတမ်းနှင့် ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းသည့်အစီအစဉ်များလည်း ပါဝင်ခဲ့သည်။ 

 

လာမည့် ဩဂုတ် ၂၈ ရက်တွင်လည်း စာပေဗိမာန်၌ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းနှင့်ပူးတွဲ၍ ဆရာတိုက်စိုး (၁၉၂၀- ၂၀၀၃) ရာပြည့်အထိမ်းအမှတ် စာပေစကားဝိုင်းကို ကျင်းပသွားမည်ဖြစ်ပြီး ဆရာစည်သူ၊ ဒေါက်တာသော်ကောင်း၊ ဆရာအံ့မောင်၊ ဆရာမော်လင်း၊ ဆရာမောင်ဇေယျာ၊ ဆရာ ဒေါက်တာသန်းဝင်းတို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-မွန်းဦးနဒီ