မန္တလေး ဇွန် ၄
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ဒီပလိုမာဘွဲ့၊ မဟာဘွဲ့သင်တန်း စသည့် သင်တန်းနှစ် အသီးသီးတို့၏ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလများကို ဇွန် ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့သည်။
ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ် (ပထမပညာသင်ကာလ-၂၀၂၀အောင်)၊ ပထမနှစ်ဂုဏ်ထူးတန်း (ပထမပညာသင်ကာလ)၊ ပထမနှစ်မဟာသင်တန်း ဥပဒေပညာ (ပထမပညာသင်ကာလ)၊ ဒုတိယနှစ်မဟာသင်တန်း ဥပဒေပညာ (ပထမပညာသင်ကာလ)နှင့် စာကြည့်တိုက်နှင့် သုတပညာဒီပလိုမာ အမှတ်စဉ်(၈)(ပထမပညာသင်ကာလ) သင်တန်းနှစ်အသီးသီးတို့၏ ကျောင်းအပ်မှတ်ပုံတင်ခြင်းကို မေ ၂၃ ရက်မှစတင် လက်ခံခဲ့ပြီး သင်ကြားပို့ချလျက်ရှိသည့် အထူးပြုဘာသာရပ်များမှာ မြန်မာစာ၊ မြန်မာမှု၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ၊ မှတ်တမ်းနှင့်မော်ကွန်း စီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ကွန်ပျူတာသိပ္ပံပညာနှင့် အားကစားပညာ စသည့် ဘာသာရပ် ၂၈ ခုကို သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
တင်မောင်(မန္တလေး)