ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါး မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၅၁၇)ဧကရှိသောနယ်မြေကို “ရုန်း တောင်ကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၄)အရ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက် (၂၀၂၄ခုနှစ်၊ ဇွန်လ ၅ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဟားခါးမြို့၏ အဓိကတည်နေရာ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် တားမြစ်အပင်ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသမျိုးရင်း သစ်မျိုးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်နိုင်ရန်၊ တရားမဝင် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းမှ တားဆီးကာကွယ်နိုင်ရန်၊ တရားမဝင်အမဲလိုက်ခြင်းအား ကာကွယ်တားဆီးနိုင်ရန်၊ မြေပြိုတိုက်စား ခြင်းနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ့်စမ်းရေထွက် များအား ထိန်းသိမ်းကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာ စေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်း သတ်မှတ်ခြင်း ဖြစ်ပါသည်။
ရုန်းတောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော တားမြစ်သစ်ပင်ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ထင်းရှူးပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်၊ ဝက်သစ်ချပင်၊ သစ်အယ်ပင်၊ မိုင်းဘောပင်၊ ကရဝေးပင်နှင့် သစ်ကြားပင် စသည်တို့အား ထိန်းသိမ်းနိုင်မည့်အပြင် သဘာဝပန်းအလှပင်များ၊ ချိုချဉ်သစ်ခွ၊ နုခါ သစ်ခွ၊ ငါးရိုးသစ်ခွ စသည့်သစ်ခွ မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ချေ၊ တောကြောင်၊ ယုန် စသည့် တိရစ္ဆာန်များ၏ နေထိုင် ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဟားခါးမြို့ သောက်သုံးရေရရှိရေးအတွက် အထောက်အကူ ဖြစ်စေသည့် စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ ။


