နေပြည်တော် ၁၇ မေ
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအချိန်တွင် ပုံနှိပ် ရုပ်မြင် ရေဒီယို စသည့် မီဒီယာလုပ်ငန်းများအားလုံးသည် စီးပွားရေးအရ ရုန်းကန်နေရသည်ကို အသိအမှတ်ပြုပါကြောင်း၊ ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ ပုဂ္ဂလိကပိုင် မီဒီယာများ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာရမည်ဟု ခံယူထားပါကြောင်း၊ အခက်အခဲများကို ညှိနှိုင်းဆွေးနွေးပူးပေါင်းဖြေရှင်းသွားနိုင်ရန်အတွက် ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
ဒုတိယ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရှေ့ဆက်လက် ဆောင်ရွက်မည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်မှုဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲနှင့် အစည်းအဝေး တက်ရောက်လာကြသည့် FM ပုဂံ၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ ရွှေ FM ၊ Forever Group Co.,Ltd ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ Family Entertainment Group ၊ Mizzima Media Company Limited ၊ DVB Multimedia Group Company Limited ၊ Fortune Broadcasting Company Limited ၊ KMA Tele Media Holdings Company Limited ၊ My Multi Media Group Company Limited တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင်ကြုံတွေ့နေရသည့် စက်မှုပိုင်းဆိုင်ရာနှင့် စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
(သတင်းစဉ်)