နေပြည်တော် ၅ ဇူလိုင်
ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများအနက် ရုပ်သံလွှင့်မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများ ဖြင့် မြန်မာနိုင်ငံ၏ ရောင်စုံရုပ်မြင်သံကြားစနစ်ကို စတင်ထုတ်လွှင့်နိုင်ခဲ့ခြင်းမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုသမိုင်းတွင် အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ရုပ်သံလွှင့်မီဒီယာ၏ အခန်း ကဏ္ဍသည့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး၊ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အတွက် များစွာအရေးပါ ပါကြောင်း၊ ထို့ကြောင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလွှင့်မီဒီယာကဏ္ဍ အရည်အသွေး မြှင့်တင်နိုင်ရေး လိုအပ် ချက်များအား ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ JICA Myanmar Office မှ Mr. Masayuki Karasawa က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ တာဝန်ရှိသူများက JICA နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းဆောင်ရွက်ခဲ့မှုများနှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်/သံထုတ်လွှင့်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဂျပန်ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲလျက်ရှိသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ အခြေခံကျင့်ဝတ်များ မူကြမ်း၊ သတင်းထောက်လက်စွဲမူကြမ်း၊ ရုပ်သံလွှင့်လမ်းညွှန်စာစောင်မူကြမ်းနှင့် ပြည်သူ့အကျိုးပြု အစီအစဉ်များ၊ တိုးချဲ့ထုတ်လွှင့်ရေး အကြံပြုချက်မူကြမ်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲတွင် JICA ၏ အစီအစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ရုပ်သံလွှင့်ကဏ္ဍ အရည်အသွေးမြှင့်တင်ရေး ထောက်ပံ့ကူညီဆောင် ရွက်နေ မှုများ၊ ပြည်သူ့အကျိုးပြု အစီအစဉ်ထုတ်လုပ်ပုံ လုပ်ငန်းစဉ်နှင့် စီမံကိန်း လေးနှစ် မြောက်ကာလ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနှင့် ဖွံ့ဖြိုးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
JICA နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းများအနေဖြင့် ဆေးရောင်စုံရုပ်မြင်သံကြား အစီအစဉ် ထုတ်လွှင့်ရန် အတွက် ဂျပန်နိုင်ငံ Japanese Sasakawa Foundation နှင့် JICA ၏ ODA အထောက်အပံ့များဖြင့် ၁၉၈၀ ပြည့်နှစ်တွင် ပထမဆုံး စတင်ထုတ်လွှင့်နိုင်ခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ၂၀၁၃ ခုနှစ် ဂျပန်နိုင်ငံယဉ်ကျေးမှုဆိုင်ရာ ရန်ပုံငွေ အထောက်အပံ့ဖြင့် NHK မှ ရုပ်သံလွှင့်အစီအစဉ် ၃၈၃ ခုအား မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ထုတ်လွှင့်ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ယခု တတိယအကြိမ်အဖြစ် ဂျပန်နိုင်ငံအစိုးရ၏ နည်းပညာပူးပေါင်းဆောင် ရွက်ရေး အကူအညီဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံအစီအစဉ် အရည် အသွေးများ တိုးတက်မြင့်မားရေး၊ ဝန်ထမ်းများအား လိုအပ်သည့် လေ့ကျင့်သင်တန်းပေးရေးနှင့် ပြည်သူ့အကျိုးပြု အစီအစဉ်များ တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် လေးနှစ်စီမံကိန်းရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် စီမံကိန်း၏ စတုတ္ထမြောက်နှစ် ဖြစ်သည်။
တစ်ဆက်တည်းတွင် စတုတ္ထအကြိမ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလွှင့်စက်ပစ္စည်းများနှင့် ရိုက်ကူးရေးစတူဒီယိုများ အဆင့်မြှင့်တင်ခြင်းကို ဂျပန် နိုင်ငံ၏ JICA ODA Grant အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်အတွင်း ရုပ်သံလွှင့်စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


