နေပြည်တော်၊ အောက်တိုဘာ ၁၈

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ရောက်ရှိကြသည်။

 

 စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့အား မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့သည်  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ သွားရောက်လေ့လာကြပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး ဦးဆောင်သည့် တက္ကသိုလ်ပညာရပ်အဖွဲ့များနှင့် တွေ့ဆုံ၍ တက္ကသိုလ်ရှိ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သင်တန်းနှင့် အဆင့်မြင့်အရာထမ်းသင်တန်းတို့တွင် သင်ခန်းစာများပို့ချရေး၊ တက္ကသိုလ်ရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချရေးနှင့် ရုရှားဘာသာစကား သင်ကြားပို့ချနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

mdn

 

ယင်းနောက် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများ အခြေခံ စစ်ရေးပြနှင့် လက်နက်ငယ် ဘာသာရပ်သင်ခန်းစာ သင်ယူလေ့ကျင့်နေမှု၊ တက္ကသိုလ်စက်ပစ်ကွင်း၌ လက်တွေ့ပစ်ခတ် လေ့ကျင့်နေမှု၊ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၄) နှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ်(၁၆) တို့တွင် သင်ခန်းစာများ ပို့ချနေမှုနှင့် သင်တန်းအိပ်ဆောင်အတွင်း ခင်ကျင်းထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာကြရာ ကျောင်းအုပ်ကြီးက စစ်တက္ကသိုလ်၏ နောက်ခံသမိုင်းအကျဉ်းနှင့် တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တက္ကသိုလ်ပြတိုက်နှင့် ဗိုလ်လောင်း တပ်ရင်းများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်