သာစည် ၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို ဇူလိုင် ၈ ရက်မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ နားနေဆောင်၌ ပြုလုပ်သောမြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။
အသိပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထူးက ဆင်ခြေထောက်ရောဂါ အကြောင်း၊ ရောဂါကူးစက်ပုံ၊ ရောဂါကာကွယ်ရေး လုပ်ငန်းများ၊ ရောဂါဖြစ်ပွားမှု ကမ္ဘာ့အခြေအနေများ နှင့် မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုအခြေအနေများ စသည်တို့နှင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း မြို့နယ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
သာစည်မြို့နယ်တွင် ဆေးကျွေးခြင်း လုပ်ငန်းကိုအိမ်ခြေ ၅၀ လျှင်ဆေးတိုက်ကျွေးအဖွဲ့တစ်ဖွဲဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးတိုက်အဖွဲ့တွင် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ဆေးကျွေးခြင်းကို အသက် ၂ နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ရောဂါဝေဒနာတစ်မျိုးမျိုးကို ရေရှည်ခံစားနေရသူများမှလွဲ၍ လူကုန်ဆေးကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစံထွန်း၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးကော်မတီ၊မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးသော်ကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)


