ရန်ကုန် အောက်တိုဘာ ၁၁

    

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ယနေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ ၁၀/တောင် ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းရှိ အမှတ်(၇) မြစ်ထွက်ပေါက် ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှု၊ ၇/အရှေ့ရပ်ကွက်နှင့် ၁၀/တောင် ရပ်ကွက် အတွင်းရှုခင်းသာလမ်း၌ လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ၇/အရှေ့ရပ်ကွက်၊ အတွင်းရှုခင်းသာလမ်းနှင့် ဧရာဝဏ် လမ်းထောင့်ရှိ ကူးစက်ရောဂါကုဆေးရုံ ဆေးရုံဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကူးစက် ရောဂါကုဆေးရုံနှင့် အမှတ်(၁၂) ရေထိန်းတံခါးသို့စီးဆင်းသော ရေနုတ်မြောင်းအကြား မြေသားမြောင်းကို အုတ်‌ရေမြောင်းတည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ ဧရာဝဏ်လမ်းပေါ်ရှိ အမှတ်(၁၂) မြစ်ထွက်ပေါက် ရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်‌ရေး ဆောင်ရွက် ထားရှိမှု၊ ဒေါပုံမြို့နယ်၊ စက်ရုံလမ်းရှိ ဒေါပုံကွန်ကရိနှင့် ကတ္တရာဖျော်စက်ဝင်းအတွင်း လူသွားစင်္ကြံ လမ်းများခင်းကျင်းရန် လမ်းခင်းကွန်ကရိအုတ် Interlock ထုတ်လုပ်စက်၊ ကွန်ကရိဖျော်စက်များ ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းအတွင်း ကွန်ကရိခံနိုင်ရည် စမ်းသပ်စက် Comprehensive Strength Test Machineဖြင့် လမ်းခင်းရာတွင် အသုံးပြုသည့် ကွန်ကရိ အုတ်များကို အရည်အသွေးစစ်ဆေး နေမှုနှင့်  ပွင့်လင်းရာသီတွင် လမ်းများခင်းရန် ကတ္တရာပေပါများ စုဆောင်းထားရှိမှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။     

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မြို့တော်ခန်းမမြေညီထပ်ရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဝန်ထမ်းသက်သာ အရောင်းဆိုင်တွင် ဝန်ထမ်းများဈေးဝယ်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဝန်ထမ်းသက်သာ အရောင်းဆိုင်တွင် ဆန်အချော ၅ ပြည်အိတ် တစ်အိတ်လျှင် ငွေကျပ်၂၂၅၀၀၊ ဆန်ဖြူ ၅ ပြည်အိတ် တစ်အိတ်လျှင် ငွေကျပ်၁၃၅၀၀ ၊ ကြက်ဉ (၁၀) လုံး ၂၂၀၀ ၊ ဘဲဉ (၁၀) လုံး ၃၂၀၀ ၊ ကြက်သွန်နီ ၅၀ ကျပ်သား ၁၈၀၀ ၊ အာလူး ၅၀ ကျပ်သား ၁၃၀၀ ၊ စားအုန်းဆီ ၅၀ ကျပ်သား တစ်ဘူး ၂၅၀၀ ၊ ဟင်းရွက်ဆီ ၅၀ ကျပ်သား တစ်ဘူးငွေကျပ် ၄၈၀၀ နှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များလည်း ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)