သာကေတ ၈ အောက်တိုဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရန်နှင့် ကာကွယ်မှုတွင် ပေါ့လျော့မှု မရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက ကားမှတ်တိုင်များ၊ ဈေးများတွင် သွားလာနေသော ပြည်သူများအား mask တပ်ဆင်ထားမှု ရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၃/မာန်ပြေရပ်ကွက်၊ အမှတ်(၃)ဈေး၊ မြင်တော်သာလမ်းရှိ ကားမှတ်တိုင်နှင့် အနော်မာလမ်းဆုံမှတ်တိုင် စသည့်နေရာများ၌ mask တပ်ဆင်ထားခြင်းမရှိဘဲ သွားလာနေသော မော်တော်ယာဉ်များ ပေါ်ရှိပြည်သူများ၊ လမ်းသွား လမ်းလာပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ် ကျား(၁၇)ဦး၊ မ(၂)ဦး စုစုပေါင်း(၁၉)ဦးအား mask တစ်ခုတန်ဖိုး(၅၀)ကျပ်နှင့် ဒဏ်ငွေ (၁၅၀)ကျပ် စုစုပေါင်း (၂၀၀)ကျပ်ကို ပေးဆောင်စေကာ mask ချက်ချင်းတပ်ဆင်စေသည့် စနစ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)


