ရန်ကုန် ၃၀ သြဂုတ်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိ စာသင်တိုက်နှင့် မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ်) ရွှေကျင်တိုက်သစ်များသို့ ယနေ့တွင် ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းကြသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများသည် နံနက် ၉ နာရီခွဲတွင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဝရာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး က “ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားလျက်ရှိပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုသဆေးထုတ်လုပ်နိုင်ရေး အတွက်လည်း ကြိုးပမ်းလျက်ရှိကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အနေဖြင့် ကိုဗစ်-၁၉ မပြန့်ပွားရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆက်လက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ ပထမပြန်၊ ဓမ္မာစရိယစာမေးပွဲကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပွဲ အခမ်းအနားကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခု သြဂုတ် ၂၈ ရက် တွင် ပထမပြန် စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်နိုင်ခဲ့ပြီး ယနေ့ သြဂုတ် ၃၀ ရက်တွင် ဓမ္မာစရိယ စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ပထမပြန် (မူ၊ ငယ်၊ လတ်၊ ကြီး) စာမေးပွဲအောင်မြင်မှု ၈၂ ဒသမ ၀၄ ရာခိုင်နှုန်းရှိပြီး ဓမ္မာစရိယ စာမေးပွဲ အောင်မြင်မှု ၇၆ ဒသမ ၄၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း၊ ယမန်နှစ်ကထက် ထူးကဲစွာ အောင်ချက်ရာခိုင်နှုန်း လွန်စွာမြင့်မားသည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်းမှာလည်း လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွား နေချိန်တွင် ပရိယတ္တိစာပေများ သင်အံပို့ချနေကြသော သံဃာတော်၊ သီလရှင်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရန်နှင့် ကြောင့်ကြမှုမရှိစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ပရိယတ္တိ စာသင်တိုက် အသီးသီးတို့အား ဆွမ်းပဒေသာပင် အလှူတော်ငွေများ လှူဒါန်းနေခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဦးဆောင်၍ ဆွမ်းပဒေသာပင် လှူဒါန်းပေးခြင်းဖြင့် အလှူရှင် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့ကလည်း ပရိယတ္တိ စာသင်တိုက်အသီးသီးတို့သို့ ဆက်လက်လှူဒါန်းကြခြင်းဖြင့် သံဃာတော်များ၏ ဆွမ်းအခက်အခဲကို ဖြည့်ဆည်းကုသိုလ်ယူ နိုင်မှာဖြစ်ကြောင်း လျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွမ်းပဒေသာပင်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ဦးညီညီက လက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် မျိုးနိုင်နိုင်ကုမ္ပဏီလီမိတက်မှ ဦးမျိုးမြင့်-ဒေါ်သန္တာဝင်းတို့က လျှပ်စစ်မီး ပဒေသာပင်အတွက် ငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိ စာသင်တိုက် စာချနာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ (သ.စ.အ ဓမ္မာစရိယ) က အနုမောဒနာတရား ချီးမြှင့်တော်မူသည်။
မွန်းလွဲပိုင်းတွင် မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ်) ရွှေကျင်တိုက်သစ် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရ တိပိဋကကောဝိဒ ယောဆရာတော် ဘဒ္ဒန္တ သီရိန္ဒာ ဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွမ်းပဒေသာပင်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ကျောင်းဝေယျာဝစ္စအဖွဲ့ အတွင်းရေးမှူး ဦးသာလှက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ်) ရွှေကျင်တိုက်သစ် ပဓာနနာယက ယောဆရာတော်က အနုမောဒနာတရား ချီးမြှင့်တော်မူသည်။
သတင်းစဉ်


