ရန်ကုန် ဇွန် ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်သို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်များ၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာ၊ သမ္မောဒနိယသန္ဒေသကထာနှင့် Welcome Speech ကို မိန့်ကြားချီးမြှင့်တော်မူပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ် ရဟန်းတော်များအား တက္ကသိုလ်တံဆိပ်ပါ ကတ္တီပါယပ်များကိုလည်းကောင်း၊ သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ်တံဆိပ်ပါ ယောဂီလောဘက်များနှင့် တက္ကသိုလ်တံဆိပ်ပါ လက်ဆွဲအိတ်များကိုလည်းကောင်း သင်တန်းသားသစ်များအဖြစ် အသိအမှတ်ပြုသောအားဖြင့် အပ်နှင်းချီးမြှင့်တော်မူသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ထေရဝါဒဗုဒ္ဓသာသနာပြုသင်တန်း အသီးသီးကို ဖွင့်လှစ် သင်ကြားလျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် ပြည်တွင်း၊ ပြည်ပ (၁၈) နိုင်ငံမှ သင်တန်းသား ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း (၃၄၃) ပါး၊ဦး တက်ရောက်သင်ယူလျက်ရှိကြပြီး ပါမောက္ခချုပ်ဆရာတော် အမှူးပြုသည့် သင်ကြားဆရာတော်ကြီးများက ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိ၊ သမထ၊ ဝိပဿနာ ဘာသာရပ်များကို မြတ်ဗုဒ္ဓ၏ ထေရဝါဒဒေသနာတော်နှင့်အညီ ဦးစားပေး သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်