သာယာဝတီ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၌ ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားကို သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကား ပြောကြားပြီး တာဝန်ရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရှိ ဝန်ထမ်းများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
သာယာဝတီခရိုင်တွင် မြို့နယ် ရှစ်မြို့နယ်၊ ရပ်ကွက် ၇၀၊ ကျေးရွာအုပ်စု ၃၉၇ အုပ်စု၊ ကျေးရွာ ၂၀၅၃ ရွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် လျာထားလူဦးရေ ၄၄၀၃၄ ဦးဖြစ်သော်လည်း လူဦးရေ ၄၅၁၆၃ ဦး ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြီးစီးမှုရာခိုင်နှုန်း ၁၀၂ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်ပြီး သတ်မှတ်ကာလထက် ကိုးလ စောကာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


