သစ်တောမောင်

ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့

သဲကန္တာရဖြစ်ထွန်းမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးပျောက်ကွယ်ခြင်းများကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention on Combating Desertification-UNCCD)” ကို တည်ထောင်ခဲ့ပြီး ဆုံးဖြတ်ချက်အမှတ် A/RES/49/115 ဖြင့် နှစ်စဉ် ဇွန်လ (၁၇) ရက်နေ့ကို “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့” "World Day to Combat Desertification and Drought" ဟု သတ်မှတ်ခဲ့ပါသည်။ "Desertification and Drought Day" ဟူ၍လည်း ခေါ်ဝေါ်ကြပြီး သဲကန္တာရဖြစ်ထွန်းလာခြင်း၊ မြေယာယိုယွင်းပျက်စီးခြင်းနှင့် မိုးခေါင်ရေရှားခြင်း နောက်ဆက်တွဲ အကျိုးဆက်များကို တားဆီးကာကွယ်ရန်နှင့် အသိပညာပေးရန် ရည်ရွယ်ပါသည်။ မြေယာပြန်လည်ပြုစုပျိုးထောင်ခြင်း၊ မိုးခေါင်ရေရှားမှုဒဏ် ကြံ့ကြံ့ခံ နိုင်ခြင်းနှင့် ရေရှည်တည်တံ့သော အနာဂတ်ဖန်တီးခြင်းကို အဓိက ဦးတည်ထားသည်။ ယခုနှစ် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးနေ့” အတွက် အဓိကဆောင်ပုဒ်မှာ “စားကျက်မြေများကို အသိအမှတ်ပြုပါ၊ လေးစားပါ၊ ပြန်လည်စိုက်ပျိုးထိန်းသိမ်းပါ။” (Rangelands: Recognize. Respect. Restore) ဟူ၍ ဖြစ်သည်။

သဲကန္တာရဖြစ်ထွန်းမှု ဆိုသည်မှာ

သဲကန္တာရဖြစ်ထွန်းမှု (Desertification) ဆိုသည်မှာ ရှိပြီး သဲကန္တာရ နယ်နိမိတ်ဘေးပတ်ဝန်းကျင်သို့ ဧရိယာကျယ်ပြန့်လာခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ပူပြင်းခြောက်သွေ့သော သို့မဟုတ် မိုးရွာသွန်းမှု နည်းပါးသောဒေသများရှိ မြေယာများသည် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုနှင့် လူသားတို့၏ စနစ်မကျသော လုပ်ဆောင်ချက်များကြောင့် မြေဆီလွှာ၏ထုတ်လုပ်နိုင်မှု စွမ်းအားများအားလုံး ဆုံးရှုံးပြီး သဲကန္တာရကဲ့သို့ အသုံးပြုမရတော့သော မြေရိုင်းများအဖြစ် ပြောင်းလဲ သွားသည့် ဖြစ်စဉ်ဖြစ်သည်။ သဲကန္တာရဖြစ်ထွန်းမှု ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရှိနိုင်မည့် အဓိက စရိုက်လက္ခဏာများကို အောက်ပါအတိုင်း စိစစ်ခွဲခြားနိုင်ပါသည် -

ရာသီဥတုဆိုင်ရာ လက္ခဏာများ။ လေထုနှင့် မြေထုအပူချိန် မြင့်မားခြင်း၊ အပူချိန်အတက်အကျလွန်ကဲခြင်း၊ မြေဆီလွှာ ရေငွေ့ပြန်မှုနှုန်း မြင့်မားခြင်း၊ စိုထိုင်းဆ အလွန်နည်းပါးခြင်း၊

မြေဆီလွှာနှင့် မြေမျက်နှာပြင်ဆိုင်ရာ လက္ခဏာများ။ အပေါ်ယံ မြေဆီလွှာတိုက်စားခြင်း၊ မြေဆီလွှာ အာဟာရ ခန်းခြောက်ခြင်း၊ မြေကွဲအက်ခြင်းနှင့် မာဆတ်လာခြင်း၊ မြေငန်ဆားပေါက်ခြင်း၊ သဲခုံ၊ သဲလွှာများ ဖုံးလွှမ်းလာခြင်းနှင့် လျှိုမြောင်ကွဲကြီးများ ကွန်ရက်သဖွယ် ဖြစ်ပေါ်လာတတ်ခြင်း၊

ဇီဝမျိုးစုံမျိုးကွဲနှင့် အပင်ဆိုင်ရာ လက္ခဏာများ။ အပင်ပေါက်ရောက်မှု၊ သစ်တောဖုံးလွှမ်းမှု လျော့နည်းခြင်း၊ ချုံနွယ်ပေါင်းပင်များ အစားထိုးလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းကွယ်ပျောက်ခြင်း၊

ရေအရင်းအမြစ်ဆိုင်ရာ လက္ခဏာများ။ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင် ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မြေအောက် ရေမျက်နှာပြင် နိမ့်ဆင်းခြင်း၊ မြေအောက်သို့ ရေပြန်လည် ဖြည့်တင်းမှု မရှိတော့ဘဲ ရေတွင်း၊ ရေကန်များ သိသိသာသာ ခန်းခြောက်လာကာ ရေရရှိရန် ပိုမိုနက်ရှိုင်းစွာ တူးဖော်ရခြင်း၊ မျက်နှာပြင် ရေစီးကြောင်းများ ခန်းခြောက်ခြင်း၊

လူမှုစီးပွားဆိုင်ရာ လက္ခဏာများ။ လယ်ယာမြေများ စိုက်ပျိုး၍ မရတော့ဘဲ စွန့်ပစ်လိုက်ရခြင်း၊ ကျေးလက်နေပြည်သူများ ဆင်းရဲမွဲတေမှုနှုန်းမြင့်မားလာခြင်း၊ အလုပ်အကိုင်အတွက် မြို့ကြီးများသို့ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းကြရခြင်း။

သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု အကျိုးဆက်များ

သဲကန္တာရဖြစ်ထွန်းမှု (Desertification) နှင့် မိုးခေါင်ရေရှားမှု (Drought) တို့သည် လူသားတို့၏ စားရေရိက္ခာဖူလုံရေးနှင့် ဂေဟစနစ် တည်ငြိမ်ရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုများ ဖြစ်လာခဲ့သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာသုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ -

ကမ္ဘာ့ကုန်းမြေဧရိယာ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်သည် ပျက်စီးယိုယွင်းလျက်ရှိပြီး အဆိုပါ မြေယာပျက်စီးမှုများကြောင့် ကမ္ဘာ့လူဦးရေ ၃ ဒသမ ၂ ဘီလီယံကျော်၏ လူမှုစီးပွားဘဝများကို တိုက်ရိုက်ထိခိုက်စေလျက်ရှိသည်။

ကမ္ဘာ့ဘဏ် (World Bank) ၏ တွက်ချက်မှုအရ မြေယာပျက်စီးယိုယွင်းမှုကြောင့် ကမ္ဘာ့စီးပွားရေးကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ထရီလီယံမှ ၈ ထရီလီယံကြား (ကမ္ဘာ့ GDP ၏ ခန့်မှန်းခြေ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းခန့်) ဆုံးရှုံး နစ်နာစေလျက်ရှိသည်။

သဲကန္တာရဖြစ်ထွန်းမှုနှင့် ရေရှားပါးမှုတို့ကြောင့် ၂၀၅၀ ပြည့် နှစ်တွင် လူဦးရေသန်း ၂၀၀ ကျော်သည် ၎င်းတို့၏နေရပ် မြေယာများကို စွန့်ခွာပြီး အခြားဒေသများသို့ ရွှေ့ပြောင်းအခြေချကြရမည့် “ရာသီဥတုဆိုင်ရာဒုက္ခသည်များ” ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

၂၀၅၀ ပြည့်နှစ်တွင် မိုးခေါင်ရေရှားမှုသည် ကမ္ဘာ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်း (၄ ပုံ ၃ ပုံခန့်) ကို သက်ရောက်မှုရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

၂၀၀၀ ပြည့်နှစ်မှစတင်ပြီး မိုးခေါင်မှုကာလနှင့် အကြိမ်အရေ အတွက်သည် ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၅၅ သန်း သည် မိုးခေါင်မှုဒဏ်ကို နှစ်စဉ်ခံစားရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

နှစ်စဉ်မြေယာ ဟက်တာ သန်း ၁၀၀ ခန့် သစ်တောများနှင့် မြေဆီလွှာပျက်စီးဆုံးရှုံးလျက်ရှိပြီး အဆိုပါ ပမာဏသည် ကမ္ဘာ့စားရေရိက္ခာထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကာ အစားအစာဈေးနှုန်းများကို ၃၀ ရာခိုင် နှုန်းအထိ မြင့်တက်စေနိုင်ပါသည်။

အပူပိုင်းဒေသ ၁၃ ခရိုင် သစ်တောဖုံးလွှမ်းမှု

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ ၁၃ ခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်ပါဝင်ပြီး သစ်ပင်သစ်တောများ ကျဲပါးသည်။ ယေဘုယျအားဖြင့် မိုးရေချိန်လက်မ ၄၀ အောက်သာရရှိပြီး အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ် ဝန်းကျင်အထိမြင့်မားကာ ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည်ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သော်လည်း အပူပိုင်း ၁၃ ခရိုင်အပါအဝင် အပူချိန်မြင့်မားသည့် မြေလတ်ဒေသမြို့ကြီးတွင် သစ်ပင်သစ်တော ကျဲပါးစွာ ပေါက်ရောက်ပြီး သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။

ကုလသမဂ္ဂ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အစီရင်ခံစာများနှင့် သစ်တောဦးစီးဌာန၏ လေ့လာဆန်းစစ်မှုများအရ အပူပိုင်းဒေသ ၁၃ ခရိုင်၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ် တွင် ၁၀ ဒသမ ၀၄ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၈ ဒသမ ၉၁ ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရသည်။ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဧရိယာ ဧက ၆၃၉၁၀၅ ကျော် (၂ ဒသမ ၉၃ ရာခိုင်နှုန်း) လျော့နည်းဆုံးရှုံးသွားပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဧရိယာဧက ၃၀၄၆၁၁ ကျော် (၁ ဒသမ ၄ ရာခိုင် နှုန်း) သစ်တောဖုံးလွှမ်းမှုတိုးလာသည်ကို လေ့လာတွေ့ရှိရသည်။

မကြာသေးမီ နှစ်များမှစတင်ပြီး အလယ်ပိုင်း မြေလတ်ဒေသသည် ကမ္ဘာ့အပူချိန် အမြင့်မားဆုံး စာရင်းဝင်သည်အထိ အပူချိန်တိုးလာသည် ကိုတွေ့ရပြီး ၂၀၂၄ ခုနှစ်တွင် ချောက်မြို့သည် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ယခုနှစ်တွင် ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်ထိ ရှိကြောင်းတွေ့ရသည်။ မြေလတ်ဒေသမြို့ကြီး ၁၂ မြို့သည်လည်း ၄၁ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ရှိခဲ့သည်ကို တွေ့ရပါသည်။ သစ်ပင် သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေများ (desert-like formation) ကို တွေ့မြင်နိုင်ပါသည်။ ယခုကဲ့သို့ အပူချိန် မြင့်မားသည့်ဖြစ်စဉ်များ နှစ်စဉ်ဆက်တိုက်ဖြစ်ပေါ်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် အယ်လ်နီညို ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းတို့ ပေါင်းစပ်ဖြစ် ပေါ်လာပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး သဲကန္တာရဖြစ်ထွန်းနိုင်မှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာနိုင်ပါသည်။ ထို့ကြောင့် အပူပိုင်းဒေသ ၁၃ ခရိုင်တွင် သဲကန္တာရဖြစ်ထွန်းနိုင်သည့် အန္တရာယ်များမှ တားဆီးကာကွယ်ရေး၊ လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ရာသီဥတုမျှတကောင်းမွန်ပြီး ကောင်းမွန်တည်ငြိမ်သည့် ပတ်ဝန်းကျင် ဂေဟစနစ်များထားရစ်နိုင်ရေးအတွက် သစ်တောဖုံးလွှမ်းမှု သိသာ ထင်ရှားစွာတိုးလာစေရန် အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD)အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက Focal ဌာနအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့အနေဖြင့် အပူဒဏ် လျော့ပါးသက်သာစေရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုရန်နှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း ဖြင့် ရာသီဥတုသာယာကောင်းမွန်လာစေရန်ရည်ရွယ်ပြီး ရေဝေရေလဲ ထိန်းသိမ်းရေးစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ၊ တစ်အုပ်တစ်မ အရိပ်ရ စိုက်ခင်းများ၊ လမ်းဘေးဝဲယာ အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ မြို့ပြ သစ်တောများ တည်ထောင်ခြင်း၊ သစ်တောဥယျာဉ်များ တည်ထောင်ခြင်းနှင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော်များ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ လေ့လာမှုများအရ အပူပိုင်း ၁၃ ခရိုင်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အပင်ပေါင်း သန်း ၆၀ ကျော်စိုက်ပျိုးခဲ့သည့်အတွက် ယေဘုယျအားဖြင့် ဧက နှစ်သိန်းကျော် စိုက်ပျိုးခဲ့သည်ဟု ဆိုနိုင်ပါသည်။

လူဦးရေတိုးတက်လာမှုနှင့်အတူ သစ်ထင်းဝါး လိုအပ်ချက်များအရ အကြောင်းအမျိုးမျိုးဖြင့် သစ်အသုံးချမှုများရှိသော်လည်း စနစ်တကျ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်နိုင်ပါမှသာလျှင် စိုက်ပျိုးသည့် သစ်ပင်များ တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေမည်ဖြစ်သည်။ သစ်ပင် သစ်တောဆုံးရှုံးမှုကို အပြည့်အဝ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျန်ရှိနေသည့် သဘာဝတောများ ပျက်စီးပြုန်းတီးမှုမရှိစေရန်အတွက် သစ်တောများ စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သစ်တောဖုံးလွှမ်းမှုတိုးပွားလာပြီး ရာသီဥတု ပြောင်းလဲမှုကို လျှော့ချထိန်းညှိနိုင်မည်ဖြစ်သည်။

သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ဖို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်စို့

သစ်ပင်သစ်တောများသည် သဘာဝဂေဟစနစ်များ၏ ဗဟိုချက်ဖြစ်သည့်အတွက် သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းဖြင့် အနာဂတ်အတွက် ပိုမိုရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အပူပိုင်း ဒေသ ၁၃ ခရိုင်တွင် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများသည် အခြားသော နေရာဒေသများ၊ ဂေဟစနစ်များထက် စိန်ခေါ်မှုများ ပိုမိုများပြားပါသည်။ မိုးရေချိန် အလွန်နည်းပါးခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မြေဆီလွှာအာဟာရဓာတ် နည်းပါးခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ ရေခန်းခြောက်၍ မြေအစိုဓာတ် နည်းပါးခြင်း စသည့်အပူပိုင်းဒေသ စရိုက်လက္ခဏာများကြောင့် တစ်ပင်စိုက် တစ်ပင်ရှင်သန်နိုင်ရေး၊ သစ်တောစိုက်ခင်းများ အောင်မြင် ရေးအတွက် “သွင်းအားစုများ” ပိုမိုလိုအပ်လာပါသည်။ အောက်ဖော်ပြပါ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်နှင့် အနာဂတ်အတွက် ပိုမိုရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရမည်ဖြစ်ပါသည်-

သစ်တောစိုက်ခင်းများတည်ထောင်စိုက်ပျိုးခြင်း၊ လယ်၊ ယာ အစပ်များတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း Home Garden ကဲ့သို့သစ်ပင်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာ သုံးထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝမျိုးဆက်အပင်များ ပြန်လည်ပေါက်ရောက်ခြင်းကို အားပေးခြင်း၊

တောင်စောင်းများတွင် ကွန်တိုလိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း၊ မြေဆီလွှာဖုံးရန် အပင်ငယ်များ စိုက်ပျိုးခြင်း၊ လေကာပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာထင်း စိုက်ခင်း၊ အရိပ်ရသစ်ပင်နှင့် လေကာတောတန်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များတွင် ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊

အပူဒဏ်ခံနိုင်သည့် ဒေသမျိုးရင်းသစ်ပင်များ၊ ကြီးမြန်အမြဲ စိမ်းပင်များ၊ ဘက်စုံသုံးအပင်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ပျိုးသက် နှစ်နှစ်ရှိပြီး အပင်အမြင့် နှစ်ပေနှင့်အထက်ရှိသော ကြံ့ခိုင်သန်စွမ်းသော ပျိုးပင်များကို အသုံးပြုစိုက်ပျိုးခြင်း၊

စိုက်ပျိုးမည့်ပျိုးပင်အရွယ်အစားနှင့် ကိုက်ညီရန်၊ မိုးရေအများဆုံး စုဆောင်းနိုင်ရန်အတွက် သင့်တော်သည့် ကျင်း အရွယ်အစားတူးပြီး စိုက်ပျိုးခြင်း။ ဥပမာ ကျင်းအရွယ်အစား ( ၂ ပေ x ၂ ပေ x ‌၁ ပေ ) ၊ ( ၃ ပေ x ၃ ပေx ၁ ပေ)၊ ( ၆ ပေx ၃ ပေ x ၁ ပေ) စသည်ဖြင့် စိုက်ကျင်းများတူးခြင်းနှင့် ရေနှင့် မြေဆီလွှာကို ထိန်းနိုင်ရန် အပင်များကို Zigzag ပုံစံ (ဝက်ခေါင်းထိုးပုံစံ) စိုက်ပျိုးခြင်း၊ လိုအပ်သော သွင်းအားစုများ ဥပမာ သင့်တော်သည့် မြေဆွေး၊ ဓာတ်မြေဩဇာ လုံလောက်စွာ ထည့်သွင်းခြင်း၊

စိုက်ပင်များ ပူပြင်းခြောက်သွေ့သော နွေရာသီကို အောင်မြင်စွာ ရှင်သန်ကျော်ဖြတ်နိုင်ရန် “ရေ” “အစိုဓာတ်” ရရှိရန် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ခြင်း၊ နွေရာသီတွင် စိုက်ပင်များ ရေလောင်းပြီး အစိုဓာတ်ရရှိစေရန် ဆောင်ရွက်ခြင်း၊ ချောင်းများနှင့် လျှိုမြောင်များတွင် ကျောက်စီတံတိုင်းငယ်များ၊ သစ်သားရေပိတ်ဆည်ငယ်များ၊ နုန်းထိန်းတမံငယ် များ ပြုလုပ်ခြင်း၊ ကွန်တိုကန်သင်း တည်ဆောက်ခြင်း၊ နုန်းတား ဆည်/ ကန်သင်းတည်ဆောက်ခြင်း၊ ရေကျော်ကျောက်တန်း တည်ဆောက်ခြင်း၊ ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း၊

ဖြစ်ထွန်းအောင်မြင်လာသော အပင်များကို ဆိတ်၊ ကျွဲ၊ နွား စသည့် တိရစ္ဆာန်များ၏ ဖျက်ဆီးမှုတားဆီးခြင်း၊ တောမီးလောင်ကျွမ်းမှုမှ တားဆီးကာကွယ်ခြင်းနှင့် တရားမဝင် အလွန်အကျွံခုတ်ယူသုံးစွဲမှုများ တားဆီးကာကွယ်ခြင်း၊

ဇီဝလောင်စာတောင့်၊ စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး မီးဖို၊ စွမ်းအားမြှင့်မီးဖိုများကို ကျေးလက်အထိ တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်အောင် ထောက်ပံ့ပေးခြင်း၊

ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး လုပ်ငန်းများ စီမံကိန်းများ အောင်မြင်နိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုအတွင်း သစ်တောထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် တိုးချဲ့ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

ဆိတ်နှင့် နွား စသည့် အိမ်မွေးတိရစ္ဆာန်များအတွက် လုံလောက်သော စားကျက်များ သတ်မှတ်ပေးခြင်းနှင့် သတ်မှတ်ထားသော စားကျက်မြေများတွင်သာ ဆိတ်၊ နွားများ စနစ်တကျ ကျောင်းစေခြင်း၊ သဘာဝမျိုးဆက်ပင်များ ပေါက်ရောက်သော နေရာ၊ သစ်တောစိုက်ခင်းနှင့် လမ်းဘေး ဝဲယာ သစ်ပင်စိုက်ခင်းများတွင် ခြံစည်းရိုးခတ် ကာကွယ်ခြင်း။

“လယ်မြေယာများသည် လူသားများ၏ အနာဂတ်ဖြစ်သည်။ လယ်ယာမြေများကို ထိန်းသိမ်းခြင်းသည် အသက်ကို ကာကွယ်ခြင်းပင် ဖြစ်သည်” ဟု ဆိုနိုင်သည်။ သဲကန္တာရ ဖြစ်ထွန်းမှု၊ မိုးခေါင်ရေရှားမှုနှင့် လယ်ယာမြေများ ပျက်စီးမှုဖြစ်စဉ်များ ရပ်တန့်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိသော၊ လိုက်လျောညီထွေရပ်တည် နိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တည်ဆောက်ရန်မှာ အစိုးရအနေဖြင့်သာမဟုတ်ဘဲ တစ်ဦးချင်းစီတွင်ပါ တာဝန်ရှိပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ မြေယာပြန်လည်ပြုစုပျိုးထောင်ခြင်း၊ ရေအရင်းအမြစ်များ စနစ်တကျ စီမံခန့်ခွဲခြင်း၊ ရေကို ချွေတာသုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်နိုင်၍ စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့ သော ကမ္ဘာမြေကို လက်ဆင့်ကမ်းအမွေပေးနိုင်မည် ဖြစ်ပါသည်။ သစ်ပင်သစ်တောများနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို နားလည်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက်၊ ဌာန၊ အဖွဲ့အစည်းများ အားလုံးက သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရေးကို “အနာဂတ်အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု” အဖြစ် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်လျက် “ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေး နေ့” အား ဂုဏ်ပြုအပ်ပါသည်။ ။

 

ကိုးကား

-        UNCCD, 2022. Global Land Outlook (GLO) - Second Edition (2022)

-        FAO, 2021. The State of the World's Land and Water Resources for Food and Agriculture (SOLAW 2021)

-        FAO, IFAD, UNICEF, WFP and WHO, 2025. The State of Food Security and Nutrition in the World (SOFI Report - 2024/2025)

-        World Bank 2021. The Economics of Land Degradation (ELD) Initiative (2015/2021 Reports) https://www.unccd.int/