စေတုတ္တရာ ၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား ထောက်ပံငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်နှင့် မြို့နယ်စီမံခန့်ခွဲ့မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်တို့က အမှာစကားများ ပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံက သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီး ဧကများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာမော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးမှူး ဦးမင်းနိုင်တို့က သီးနှံပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် (၃-၁၁-၂၀၁၈)မှ (၃၀-၉-၂၀၁၉)ထိ ကာလအတွင်း ရေတိုက်စားခြင်းကြောင့် သီးနှံပျက်စီးမှု ၁၃ ဧကရှိပြီး မိုးစပါး ခြောက်ဧကအတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ငွေကျပ် ခြောက်သောင်း၊ နွေစပါး ခုနစ်ဧကအတွက် တစ်ဧကလျှင် နှစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၁၇ သိန်းခွဲနှင့် ရေကြီးနစ်မြုပ်ခြင်းကြောင့် သီးနှံပျက်စီးမှု ဧက ၁၄၀ ရှိပြီး မိုးနှမ်း ဧက ၁၁၀ အတွက် တစ်ဧကလျှင် ငွေကျပ် ငါးထောင်နှုန်းဖြင့် ငွေကျပ် ငါးသိန်းခွဲ ၊ နွေစပါး ၁၆ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်သိန်း ၄၀၊ မိုးမြေပဲ ၁၃ ဧကအတွက် တစ်ဧကလျှင် သုံးသောင်းနှုန်းဖြင့် ငွေကျပ် သုံးသိန်းကိုးသောင်း၊ ဖူးစားပြောင်း တစ်ဧကအတွက် တစ်သောင်းကျပ် မြို့နယ်အတွင်း သီးနှံပျက်စီးဆုံးရှုံးမှု စုစုပေါင်း ၁၅၃ ဧက ကျေးရွာ ၁၀ ရွာအတွင်းရှိ တောင်သူ ၁၃၇ ဦးအား ငွေကျပ် ၆၇ သိန်း ၆ သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


