၃၀ ဩဂုတ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု တာဝန်ခံ ဒေါ်လုဘူ၊ သုတေသနပညာရှင် ဒေါ်သိင်္ဂီမြင့်နှင့် အဖွဲ့သည် ကမ္ဘာ့ဟင်းသီးဟင်းရွက် ဗဟိုဌာနမှ သဘာဝဝတ်မှုန်ကူး ခရမ်းချဉ်မျိုးများနှင့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ စုဆောင်းရရှိထားသော ဒေသခရမ်းချဉ်မျိုးများ၏ အရည်အချင်းနှင့် အရည်အသွေး လက္ခဏာများ နှိုင်းယှဉ်လေ့လာသည့် သုတေသနအား ဆောင်ရွက်လျက်ရှိသည်။
အဆိုပါသုတေသနကို ခရမ်းချဉ်မျိုးကွဲများထဲမှ ဒေသအလိုက် ရောဂါဒဏ်ခံနိုင်ပြီး အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးများရရှိရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉- ၂၀၂၀ မိုးရာသီ၌ သုတေသနပြု ဆောင်ရွက်လျက်ရှိရာ၊ ကွင်းပြင် (Open Field) တွင်လည်ကောင်းနှင့် အမိုးအကာအောက် (Net House) တွင်လည်းကောင်း စမ်းသပ်ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ယင်းစမ်းသပ်ကွက်တွင် အသုံးပြုသည့် ခရမ်းချဉ်မျိုးများမှာ မြန်မာဒေသမျိုး (၅၁) မျိုး၊ ကမ္ဘာ့ဟင်းသီးဟင်းရွက် ဗဟိုဌာနမှ (၂၄) မျိုး နှင့် စီးပွားဖြစ် စပ်မျိုး (၁) မျိုး စုစုပေါင်း ခရမ်းချဉ် (၇၆) မျိုးကို ယှဉ်ပြိုင်သုတေသနပြု စိုက်ပျိုးထားခြင်း ဖြစ်သည်။
၎င်းသုတေသနသည် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကိုရီးယားနိုင်ငံ၊ အာရှဒေသ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFACI) အထောက်အပံ့နှင့် ကမ္ဘာ့ဟင်းသီးဟင်းရွက် ဗဟိုဌာန (World Vegetable Center) မှ မျိုးနှင့် နည်းပညာကူညီပေးမှုဖြင့် အာရှဒေသနိုင်ငံများတွင် ဟင်းသီးဟင်းရွက်မျိုးများအနက် ခရမ်းချဉ်မျိုး မွေးမြူရွေးချယ်ခြင်းဆိုင်ရာ နည်းပညာများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဆောင်ရွက်ထားသည့် သုတေသနဖြစ်ပြီး၊ စီမံကိန်းကာလမှာ (၃) နှစ်ကြာမြင့်မည် ဖြစ်ပါသည်။ စီမံကိန်းကာလအတွင်း သုတေသနတွေ့ရှိချက် များအရ မိုးရာသီတွင် ခရမ်းချဉ်မျိုးများအား Net House အတွင်းစိုက်ပျိုးခြင်းသည် မိုးရွာခြင်း၊ ရေဝပ်ခြင်းနှင့် ရာသီဥတုဒဏ်များမှ ကင်းဝေး၍ အပင်ကြီးထွားမှုဖြစ်ထွန်းကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အပင်ရောဂါသုတေသန စစ်ဆေးချက်များအရ ပင်စည်ပုပ်ရောဂါခံနိုင်ရည်ရှိသော ခရမ်းချဉ်မျိုး (၃) မျိုးရရှိနေပြီဖြစ်ပြီး၊ စီမံကိန်းကာလအတွင်း အထွက်နှုန်းကောင်း၊ အသီးအရည်အသွေးကောင်းသော မျိုးများအား ရှာဖွေသုတေသနပြုရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မေမိုးသဲ


