မင်းဘူး ၁၆  ဇူလိုင်

 

မင်းဘူးခရိုင် ရွှေစက်တော် သာသနာ့နယ်မြေအနီး၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် ဧက ၆၀ အကျယ် ဟိုတယ်ဇုန်တစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်ထံမှ သိရသည်။

 

ရွှေစက်တော်၊ သုံးမိုင်လမ်းခွဲ၊ လှေတင်တံတားအကျော် ညာဘက်ဘေးရှိ မြေဧက ၆၀ ကို လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဟိုတယ်ခရီးဝန်ကြီးဌာနတို့က လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးထားသည်။

 

“ကွန်တိုမြေပုံဆွဲဖို့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်နေပါတယ်။ မြေပုံဆွဲပြီးမှ ဟိုတယ်ဇုန်မှာ လမ်းကြောင်းတွေ ဖော်မယ်။ အကွက်တွေရိုက်မယ်။ ဘယ်နေရာက သစ်တော၊ ဘယ်နေရာက ရေကန်၊ ဟိုတယ်တစ်လုံးကို ဘယ်နှစ်ဧကပေးမယ်ဆိုတာ စုပေါင်းညှိနှိုင်း Plan ဆွဲပြီးတော့ တင်ပြသွားပါမယ်။ တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်ချက်ကို ယူပြီးတော့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တိုင်ပင်ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု တိုင်းဦးစီးမှူး ဦးမြင့်စိန်က ရှင်းပြသည်။

 

သဘာဝအခြေခံခရီးသွားလုပ်ငန်းအား ဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူ ဒေသကိုအခြေပြု၍ တောတောင် သဘာဝများ၊ ဆင်စခန်း၊ ရွှေစက်တော်ဘေးမဲ့တောရှိ ရွှေသမင်နှင့် ကြယ်လိပ်၊ ငှက်ကြည့်စင်များ၊ အဆင့်မီ ဟိုတယ်၊ မိုတယ်များ၊ လက်ရာမြောက် ဝါးအိမ်လေးများဖြင့် ပြည်တွင်းခရီးသွားသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆိုသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် (၃၈၁၉)ပေတွင် တည်ရှိသည့် အပူပိုင်းဒေသ၏ အိုအေစစ် နတ်ရေကန်တောင် ဒေသ၏ သဘာဝအလှများ၊ ကော်ဖီခြံနှင့် အော်ဂန်းနစ် Farming များ၊ အရှိုချင်းတိုင်းရင်းသားတို့၏ ဓလေ့များ၊ ဒေသထွက်ကုန်နှင့် အစားအစာများက ပြည်ပဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရွှေစက်တော်ဘုရားပွဲမတိုင်မီ လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)