နေပြည်တော် ၁၁ ဇူလိုင် 


    
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီက မိုးရွာသွန်းပြီး မလိခမြစ်ရေမြင့်တက်မှုကြောင့် တီယန်ဇွတ်ကျေးရွာ၌ နေအိမ် ၃ လုံးရေနစ်မြုပ်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်ကားလမ်း မိုင်တိုင်(၄၇/၄၈)ကြားတွင် အလျား ၆၀ ပေ၊ အကျယ် ၃၀ ပေခန့် သံဘောင်ဘေလီတံတားပေါ်၌ အနက် ၆ ပေခန့် ရေနစ်မြုပ်လျက်ရှိကြောင်း၊ အင်ဂျစ်ယန်ကျေးရွာ မိုင်တိုင်(၄၅/၄၆)ကြားတွင် တောင်ကမ်းပါးယံမြေသား ပြိုကျမှုကြောင့် အရှည် ၁ ဖာလုံခန့် ကားလမ်းပိတ်ဆို့နေခဲ့ကြောင်း၊ ည ၈ နာရီ ၄၅ မိနစ်တွင် မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့ စီပူတာရပ်ကွက်ပါ ရပ်ကွက် ၅ ခု၌ စားသောက်ဆိုင် ၂ ဆိုင်၊ အိမ်ထောင်စု ၁၁၆ စု၊ လူဦးရေ ၄၂၁ ဦးတို့မှာ ပြည်ခိုင်ဖြိုးရုံး၊ အောင်ဇေရန်အောင် ဘုန်းကြီးကျောင်း၊ ကုန်တင်ကုန်ချ ကားကြီးကွင်းတို့တွင် ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

 

အလားတူ မွန်းတည့် ၁၂ နာရီမှ ည ၇ နာရီခွဲထိ မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်၊ (၁)ရပ်ကွက်ပါ ရပ်ကွက် ၂  ခု၌ ရေအနက် ၁ ပေခန့်မှ ၃ ပေခန့်အထိ၊ နောင်ချိန်း-လဘန် ကျေးရွာကြားရှိ ခမွတ်ချောင်းကူးတံတားအနီး လမ်းမပေါ်တွင် ရေအနက် ၅ ပေခန့် ဝင်ရောက်လျက်ရှိပြီး လတ်တလောယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်းနှင့် (၁)ရပ်ကွက်ရှိ  အိမ်ထောင်စု ၈ စု၊ လူဦးရေ ၂၈ ဦးအား အ.ထ.က(၂)ဝိုင်းမော်မြို့သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ အလားတူ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် မိုးရွာသွန်းမှုကြောင့် တနိုင်းမြို့နယ်၊ ပန္နတ်ကျေးရွာအနီး တနိုင်း-ရှင်ဗွေယန်ကားလမ်း မိုင်တိုင် (၁၅၂/၃)ကြား လမ်းအရှည် ပေ ၇၅၀ ခန့်တွင် ရေအနက် ၃ ပေမှ ၄ ပေခန့်အထိ ဝင်ရောက်နေသဖြင့် လတ်တလော ယာဉ်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရှိရသည်။    


    
ထို့အတူ မွန်းလွဲ ၃ နာရီတွင် မိုးရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ဆော့လော်မြို့နယ် မောင်လော်- ဆမ်ဇင်ကျေးရွာကြား၊ ဆမ်ဇင်-အောက်လိုင်းကျေးရွာကြား၊ လှခံ-မောင်လော်ကျေးရွာကြား၊ အောက် ဆော့လှော်-ဒေဒန်ကျေးရွာကြား လမ်းများပေါ်သို့ မြေသား/ကျောက်တုံးများ ပြိုကျမှုဖြစ်ပွားခြင်း၊ ဆမ်လောက်-လဒန်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည် ၈၅ ပေခန့်ရှိ ဆက်ချောင်းတံတားနှင့် အရှည် ၆၀ ပေခန့်ရှိ ဇွန်မျည်ချောင်းတံတား၊ ချောလော-ယောဂျော်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည် ၃၅ ပေခန့်ရှိ ကြိမ်မောချောင်းတံတား၊ ကြက်ခြံရွက်- ရော်ငှော်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည် ၆၀ ပေခန့်ရှိ ချီမွန်ချောင်းတံတား၊ ယော်ဂျော်- လောက်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည် ၅ ပေခန့်ရှိ ထမျှော်မြောင်းကူး သစ်လုံးတံတား (စုစုပေါင်းတံတား ၅ စင်း)တို့ တောင်ကျရေနှင့် မျောပါခဲ့ကြောင်း၊  ချော်မွန်ကျေးရွာလမ်းရှိ ရှောက်ပင်စိုက်ခင်း ၁ ခုပျက်စီးခဲ့ကြောင်း၊ ပန်ခန်ကျေးရွာပါ ၃ ရွာ၌ လမ်းများပျက်စီးကာ စာသင်ကျောင်း ၁ ကျောင်း ယာယီပိတ်ထားလျက်ရှိပြီး လန်နော်လွန်းတောင် (၂၄)နှစ်၊ (ဖ)ဦးလန်နော်ဒေါင်လွန်း၊ လထန်ကျေးရွာနေသူမှာ တောင်ကျရေ၌ မျောပါသေဆုံးခဲ့ကြောင်း သိရှိရသည်။


    
ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဇူလိုင် ၁၀ ရက်  နံနက် ၉ နာရီတွင် ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် ကွပ်ကဲရေးရုံး ၁ ရုံး၊ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၅ ခု ဖွင့်လှစ်ထားရှိပြီး ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ပါ ရပ်ကွက် ၂ ခုရှိ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၁၀ဝ ဦး(ကျား ၄၂၊ မ ၅၈)ဦး ထပ်မံရောက်ရှိခဲ့ရာ စုစုပေါင်း အိမ်ထောင်စု ၁၇၆ စု၊ လူဦးရေ ၇၄၃ ဦး(ကျား ၃၄၄၊ မ ၃၉၉)ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ခဲမောက်ကျေးရွာပါ ၆ ရွာရှိ စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားကြောင်း သိရှိရသည်။


    
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီခွဲထိ မိုးသက်လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျပိမိမှုကြောင့် အင်းလျားကျေးရွာ၌ နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား

 

fwef